ဝန်ထမ်း ၂၀၀ ခန့် လျှော့ချမယ်လို့ ယူနိုက်တက်ကြေညာ
ဖေဖော်ဝါရီ ၂၅
ယူနိုက်တက်အသင်းဟာ ကုန်ကျစရိတ်တွေကို လျှော့ချတဲ့ ဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းအဖြစ် နောက်ထပ် ဝန်ထမ်း ၂၀၀ ခန့် လျှော့ချသွားမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကလည်း ဝန်ထမ်းပေါင်း ၂၅၀ ခန့်ကို လျှော့ချမှုတွေ ပြုလုပ်ခဲ့တာပါ။
အခုအချိန်မှာလည်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် အသင်းကို ရောက်ရှိလာတာ တစ်နှစ်ပြည့်ပြီးနောက် ရက်ပိုင်းအကြာမှာ နောက်ထပ်ဝန်ထမ်း ၁၅၀ နဲ့ ၂၀၀ ကြားကို လျှော့ချမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တာမှာ ယူနိုက်တက်အသင်း CEO ဘာရာဒါက ကလပ်အသင်းရဲ့ အသွင်ပြောင်းရေးအစီအစဉ် အစိတ်အပိုင်းအဖြစ် လျှော့ချမှုတွေ ပြုလုပ်သွားမယ်လို့ အသိပေးခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်ကတည်းက ၅ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တာကြောင့် ကလပ်အသင်းကို အမြတ်အစွန်းတွေ ရရှိအောင် ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ပေါင်သန်း ၃၀၀ ကျော် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်း CEO ဘာရာဒါက အသင်းအနေနဲ့ ဆက်ပြီး အရှုံးပေါ်ဖို့ မဖြစ်တော့ဘဲ ဒီလိုသာ ဆက်ဖြစ်နေ မယ်ဆိုရင် သူတို့ရဲ့ရည်မှန်းထားတဲ့ အရာတွေအပေါ် ရင်းနှီးမြုပ်နှံနိုင်မှာ မဟုတ်ဘူးလို့ ပြောထားတာပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဝန်ထမ်းတွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ထမ်းလျှော့ချမယ့် အကြောင်းအပြင် သူတို့ကို အခမဲ့ နေ့လည်စာ ပေးနေတဲ့ အရာတွေကိုလည်း အဆုံးသတ်တော့မယ်လို့ အသိပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီလိုလုပ်ဆောင်မှုကနေ တစ်နှစ်ကို ပေါင် ၁ သန်း သက်သာသွားမယ်လို့ မျှော်လင့်နေ တာပါ။
ယူနိုက်တက်အသင်းကို ပူးတွဲပိုင်ရှင်အဖြစ် ဆာဂျင်ရက်ကလစ်ဖ် တာဝန်ယူပြီးကတည်းက အသင်းဟာ အသုံးစရိတ် လျှော့ချမှု အများအပြားကို ပြုလုပ်နေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေကာ ဥရောပဝင်ခွင့် နေရာမှာ ရပ်တည်နေတဲ့ အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ယူနိုက်တက်အသင်းကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
