9 w - Translate

မြန်မာစီးပွားရေးလုပ်ငန်းများကို ရုရှားဈေးကွက်က ကြိုဆိုလျက်ရှိဟု ရုရှားစီးပွားရေးဝန်ကြီးပြော
- လျှပ်စစ်၊ ဓာတ်မြေသြဇာ၊ ရေနံနှင့် ဓာတုထုတ်ကုန် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် အသင့်ရှိနေဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
မြန်မာစီးပွားရေးလုပ်ငန်းတွေကို ရုရှားဈေးကွက်က ကြိုဆိုလျက်ရှိကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်းရယ် ရှဲသငြိကော့ဗ်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာ(၂)မှာ ပြုလုပ်ခဲ့တဲ့ ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးမှာ အထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
ရုရှားဝန်ကြီးက ရုရှား-မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုသာမက အခြေခံအဆောက်အအုံစီမံကိန်းတွေ၊ ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို တိုးချဲ့ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
နစကရင်းနှီး/စီးပွားဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနဲ့ ခေတ်မီစက်မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ နစကခေါင်းဆောင်နဲ့ ရုရှားစီးပွားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာ၊ ရေနံနဲ့ ဓာတုထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးတို့မှာ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသွားဖို့ အသင့်ရှိကြောင်း ရုရှားဝန်ကြီးက အသိပေးခဲ့ပါတယ်။
ရုရှားအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းတွေ ဆောင်ရွက်ရာမှာ ကျွမ်းကျင်လုပ်သားရရှိရေး၊ အခြေခံလိုအပ်ချက်တွေ ပြည့်စုံမှုရှိစေရေးတို့အပါအဝင် ရေရှည်အကျိုးကိုကြည့်ပြီး သုတေသနပြု စနစ်တကျတွက်ချက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုကိုကြည့်ရင် ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၅ သန်းဖိုးခန့်ရှိပြီး နစကလက်ထက်မှာ ကုန်သွယ်မှုပမာဏ ထက်ဝက်ခန့် တိုးတက်လာကြောင်း CEIC ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

image