စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနဲ့ နယ်စပ်ဘက်တွေကို ပါဆယ်ကုန်ပစ္စည်းပို့ခွင့်ပိတ်ထားလို့ လုပ်ငန်းရှင်အချို့အခက်ကြုံနေ
ဖေဖော်ဝါရီ ၂၁
စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီနဲ့ နယ်စပ်ဘက်တွေကို ပါဆယ်ကုန်ပစ္စည်းပို့ခွင့်ပိတ်ထားလို့ လုပ်ငန်းရှင်အချို့အနေနဲ့ အခက်ကြုံနေရတယ်လို့ သိရှိရပါတယ်။
အခုကာလမှာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ်အချို့က မြို့တွေနဲ့ နယ်စပ်ဘက်က မြို့တွေကို ကုန်ပစ္စည်းပို့ခွင့်ပိတ်ထားသလို ပို့ရခက်တာတွေနဲ့ လမ်းခရီးမှာစစ်ဆေးမှုတွေများစွာရှိနေတဲ့အတွက် ကုန်ပစ္စည်း (သို့မဟုတ်) ပါဆယ်ပစ္စည်းပို့ဆောင်ရာတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေလည်းရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုပို့ရခက်တဲ့ နေရာတွေကိုပါဆယ်ကုန်ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်တဲ့ သူတွေအနေနဲ့ အခုကာလမှာ ပါဆယ်ပစ္စည်းပို့ဖို့ လက်မခံကြတာများတယ်လို့လည်း Delivery ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
"တချို့နေရာတွေက ပို့ရခက်တော့ ပစ္စည်း လက်မခံကြတော့တာပါ။ လမ်းကြောင်း အစစ်ဆေး ဘာညာတွေကြောင့်လေ၊တချို့ဝန်ဆောင်မှုတွေကတော့ ရတယ်ထင်တယ်။အခုက စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ နေရာအချို့ကို ပိတ်ထားတယ်။တချို့က ရတယ်၊တချို့မရဘူး။အဓိကက နယ်စပ်ဘက်တွေဆိုရင် ပို့ဖို့ခက်တာပါ။လမ်းခရီးမှာ ကြန့်ကြာတယ်။ပစ္စည်းတွေက အချိန်မီ မရောက်ဘူး၊ဒီလိုအခြေအနေလေးတွေတော့ကြုံနေရတာရှိပါတယ်"လိုပြည်တွင်းက Delivery Service ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ တယောက်က ပြောပါတယ်။
ဒါအပြင် မြန်မာ နယ်စပ်တချို့ကို ဒလီနဲ့ပစ္စည်းပို့ခွင့်တွေကို ပိတ်ထားတဲ့အတွက် ကုန်ပစ္စည်းအချို့ပို့ဆောင်ရာမှာ အခက်အခဲတွေကြုံနေရတာဖြစ်တယ်လို့ ပြောပါတယ်။
"နယ်စပ်ဘက် တွေကို ဒလီပိတ်လိုက်တော့ အခုစာအုပ်တွေပို့ဖို့ရှိတာ တိုင်ပတ်ကုန်ရော"လို့ ပြည်တွင်းက လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ မြို့အချို့ကို အခုလိုပစ္စည်းတွေ ပို့ဖို့တင်းကြပ်ထားတာဟာ လုံခြုံရေးပိုင်းဆိုင်ရာအတွက် အဓိက ဖြစ်တယ်လို့ သူက အခုလို ဆက်ပြီး ပြောပြပါတယ်။
"ပစ္စည်းတွေပို့တာက ဘာနဲ့ပဲပို့ပို့ မပို့ခင်ထဲက ကားဂိတ်မှာ အကုန်ဖောက်စစ်တာပါ။အဝေးပြေးကားနဲ့ ပဲပို့ပို့ ကုန်ကားနဲ့ပဲ ပို့ပို့ အခုက အဲလိုစနစ်ဖြစ်သွားပြီ၊ဒါကလည်း ကြာနေပါပြီ။ ဒီလိုဖောက်စစ်ဖို့ကိုလည်း အစထဲကပြော ထားတာရှိတယ်လို့ကြားတယ်။အဝေးပြေးကားဂိတ်တွေမှာ ပစ္စည်းတွေကိုဖောက်စစ်တာကကြာပါပြီ၊အခုလည်း အဲလိုစစ်ပြီးမှ ပို့ပေးနေတာပါ"လို့ သူက ပြောပြပါတယ်။
အဲဒါအပြင် နယ်စပ်ကုန်သည်တွေရဲ့ထပ်လောင်းပြောပြမှုတွေအရ အခုကာလမှာ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပါက ကုန်လမ်းကြောင်းထက် လေကြောင်းလမ်းကိုသာ အဓိက အားထားနေရာတဲ့ အတွက် သယ်ဆောင်ရတဲ့ စရိတ်စက ကြီးမြင့်လာသလို လေကြောင်းက ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့ သာတင်တဲ့ အတွက် မိမိတို့လိုသလောက်ကုန်ပစ္စည်းတွေကို မပေးပို့နိုင်ဘူးလို့လည်း ဆိုပါတယ်။
"ကုန်လမ်းက အခုကာလမှာဘယ်လိုမှ ပို့မရဘူးပေါ့၊ပို့ရခက်တယ်ပေါ့။တချို့တပတ် လောက်နဲ့ ရောက်ရမယ့် ပစ္စည်းက တလလောက်ကြာရင်လည်း ကြာသွားတတ်တယ်။အချိန်မီမရောက်တာတွေလည်း အများကြီးရှိတယ်။တခါတလေ ကုန်လမ်းက ပို့ရခက်လို့ လေယာဥ်နဲ့ ပို့ပြန်ရင်လည်း သူက ဘာရှိလဲဆိုရင် ကိုယ်တင်ချင်သလောက်ကုန်တွေကို တင်ခွင့်မရဘူး။သူတို့ သတ်မှတ်ထားတဲ့ အလေး ချိန်ပဲတင်လို့ရတယ်။နောက် လေယာဉ်နဲ့ဆို တော့ကုန်ကျစရိတ်ပိုများတယ်။ဒီလိုအခက် အခဲတွေတော့ အများကြီးရှိနေတယ်"လို့ နယ်စပ်ကုန်သည် တယောက်က ထပ်မံပြောပြခဲ့ပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
