အိပ်ရေးပျက်ခြင်း၏ ကျန်းမာရေးအတွက် ဆိုးကျိုးများ
အိပ်ရေးပျက်တော့ ဘာဖြစ်မလဲ

အိပ်ရေးပျက်တာ များလာတဲ့အခါ စိတ်တိုလွယ်လာပြီး အလုပ်တွေကိုလည်း ကောင်း ကောင်းမလုပ်နိုင်တော့ပါဘူး။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးဖြစ်မယ့် အချက်တစ်ခုပါ။ ဒါပေမယ့် အိပ်ရေးပျက်တာကြောင့်ဖြစ်လာတဲ့ အကျိုး ဆက်တွေက ဒီလောက်နဲ့ ပြီးမသွားပါဘူး။

အိပ်ရေးပျက်တာကြောင့် အဝလွန်တာ၊ နှလုံး ရောဂါ နဲ့ ဆီးချိုရောဂါအပါအဝင် လူ့သက်တမ်းတိုတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေး ပျက်တာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

အိပ်ရေးပျက်တာကြောင့် ခံစားရနိုင်တဲ့ မြင်သာတဲ့လက္ခဏာတွေက-
• အိပ်ငိုက်မယ်။
• ခဏခဏ သမ်းဝေမယ်။
• အားမရှိသလို ပင်ပန်းသလို ခံစားရမယ်။
• ခြေကုန်လက်ပန်းကျနေမယ်။ ဒီလက္ခဏာတွေက အိပ်ရေးပျက်တာရဲ့ မပြင်းထန်တဲ့ လက္ခဏာတွေပါ။ အရမ်းကို အိပ်ရေး ပျက် လာမယ်ဆိုရင်တော့ အကျိုးဆက်ကလည်း ပြင်းထန်လာမှာပါ။

ကာလရှည်ကြာ အိပ်ရေးပျက်လာမယ်၊ ပြည့်ဝတဲ့ အိပ်စက်ချိန်မရှိဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းစနစ်တွေကို ထိခိုက်စေနိုင်သလို နာတာရှည် ရောဂါတွေဖြစ်ကြတဲ့ –
• နှလုံးရောဂါ
• ရုတ်တရက်နှလုံးရပ်တာ
• နှလုံးအမောဖောက်တာ
• နှလုံးခုန်မမှန်တာ
• သွေးတိုးတာ
• လေဖြတ်တာနဲ့
• ဆီးချိုဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

အိပ်ရေးပျက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်

အိပ်စက်မှုက ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါတာပါ။ အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်က အားအင်တွေ ပြန်ဖြည့်ရင်း ပြင်ဆင်ရမယ့် အချို့အရာတွေကို ပြုပြင်ပေးပါတယ်။ ဦးနှောက်ကို လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်ဆောင်နိုင်အောင် အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကိုလည်း စည်းချက်ညီညီနဲ့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ အိပ်ရေးဝတာက ခန္ဓာကိုယ်ကျန်းမာစေသလို သက်တမ်းစေ့လည်းနေနိုင်စေပါတယ်။

အိပ်ရေးပျက်မှုကြောင့် အာရုံကြောစနစ်ထိခိုက်တဲ့အခါ

• စိတ်တိုလွယ်တာ။
• အာရုံမစိုက်နိုင်တာ။
• စိတ်ခံစားမှုအတက်အကျမြန်တာ။
• စိတ်ဓာတ်ကျတာ။
• ဟန်ချက်ညီညီ လှုပ်ရှားနိုင်စွမ်းနည်းတာ။
• ကိုယ့်ကိုကိုယ် သတ်သေချင်တဲ့စိတ်တွေ ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

အိပ်ရေးပျက်မှုကြောင့် ကိုယ်ခံအားစနစ်ထိခိုက်တဲ့အခါ

• ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်စွမ်းကျသွားတာ။
• အလွယ်တကူဖျားနာတာ။
• အဖျား တာရှည်တာ။
• ဆီးချိုနဲ့ နှလုံးရောဂါတို့လိုမျိုး နာတာရှည် ရောဂါတွေ ခံစားရနိုင်ခြေ ပိုများလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

အိပ်ရေးပျက်မှုကြောင့် အသက်ရှူလမ်းကြောင်းစနစ်ထိခိုက်တဲ့အခါ

• ညဘက်ကောင်းကောင်း အိပ်မပျော်တာ။
• အိပ်နေရင်း လန့်နိုးတာ။
• တုပ်ကွေးအလွယ်တကူ ကူးစက်ခံရတာ။
• အအေးမိလွယ်တာ။
• အဆုတ်ထိခိုက်တာ။
• ပန်းနာရင်ကျပ်ဝေဒနာ ခံစားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အိပ်ရေးပျက်မှုကြောင့် အစာခြေစနစ်ထိခိုက်တဲ့အခါ

• အစားတွေ အများကြီးစားမိတာ။
• တစ်ချိန်လုံးစားချင်စိတ်ဖြစ်နေတာ။
• အဆမတန် စားမိတာကြောင့် အဝလွန်တာ။
• ပင်ပန်းလွယ်တာ။
• အဆီပိုတွေ များလာတာ။
• သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

အိပ်ရေးပျက်မှုကြောင့် နှလုံးသွေးကြောစနစ်ထိခိုက်တဲ့အခါ

• သွေးတိုးတာ။
• သွေးတွင်းသကြားဓာတ် မြင့်တက်တာ။
• နှလုံးခုန်မြန်တာ။
• ရုတ်တရက် နှလုံးရပ်တာ နဲ့
• လေဖြတ်တာလိုမျိုး ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဒီလို အကျိုးဆက်တွေကနေ ကာကွယ်ဖို့ အဖိုးအခ မပေးရတဲ့ အိပ်ချိန်လေးကို ပြည့်ပြည့်ဝဝ အိပ်စက်ကြဖို့ လိုပါတယ်။ အိပ်ရေးဝအောင် အိပ်လိုက်တာက ကျန်းမာရေး ပြဿနာတော််တော်များများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

imageimage