Online Appointment ကိစ္စများဖြေရှင်းရန် ကိုယ်တိုင်လျှောက်ထားသူများရှိပါက ပြန်လည်တင်ပြလျှောက်ထားနိုင်
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်အတွက် Online Appointment များရယူကာ ရောင်းချမှုများရှိနေလို့ သံသယရှိသူများ၏ Appointment များကို စိစစ်၊ ပယ်ဖျက်ရာတွင် ကိုယ်တိုင်လျှောက်ထားရန် ဆောင်ရွက်ထားသော နိုင်ငံသားများ၏ Appointment များ ပါရှိသွားပါက အချက်အလက်အပြည့်အစုံတင်ပြကာ မြန်မာသံရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးက အသိပေးကြေညာထားကြောင်း သိရပါတယ်။
မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာတွင် သံရုံးသို့ လူကိုယ်တိုင်လာရောက်ပြီး ဆောင်ရွက်ကြသူ အလွန် များပြားလာသောကြောင့် မြန်မာနိုင်ငံသားများအား အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်စေရန်အတွက် Online Appointment စနစ်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဆိုပါ Online Appointment စနစ်တွင် ရက်ချိန်းရယူထားပြီး အလုပ်အားလပ်မှုမရှိသဖြင့် သံရုံးသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိသူများအတွက်လည်း မိသားစုဝင်တစ်ဦးဦးမှဖြစ်စေ၊ အသိမိတ်ဆွေမှဖြစ်စေ ကိုယ်စားလှယ် လွှဲစာဖြင့် လာရောက်လျှောက်ထားခြင်းကို ဖြေလျှော့ခွင့်ပြုထားပါတယ်။
အဆိုပါဖြေလျှော့ပေးမှုအပေါ် အချို့သူများက မိမိအကျိုးအတွက် အသုံးပြုနေကြောင်း သံရုံးအနေဖြင့် စိစစ်တွေ့ရှိ ရပြီး မိမိကိုယ်တိုင်လျှောက်ထားရန်အတွက် မဟုတ်ဘဲ Online Appointment စနစ်သို့ အမည်အမျိုးမျိုး၊ အီးမေးလ် လိပ်စာအမျိုးမျိုးဖြင့် ဝင်ရောက်ကာ ကြိုတင် Appointment များ ရယူထား၍ Appointment အား အခကြေးငွေဖြင့် ရောင်းချကာ ကိုယ်ကျိုးအတွက် အသုံးချနေခြင်းကြောင့် ကိုယ်တိုင်ဆောင်ရွက်လိုတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ရက်ချိန်းရယူရာတွင် အခက်အခဲရှိ နေတယ်လို့ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။
ဒါကြောင့် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် မိမိအကျိုးစီးပွားအတွက် Online Appointment များ ကြိုတင်ရယူ ဆောင်ရွက်ထားကြောင်း၊ သံသယရှိသူများ၏ Appointment များကို စိစစ်ပယ်ဖျက်လျက်ရှိရာ ကိုယ်တိုင်လျှောက်ထား ရန် ဆောင်ရွက်ထားသော နိုင်ငံသားများ၏ Appointment များပါရှိသွားပါက အချက်အလက် အပြည့်အစုံ တင်ပြ၍ သံရုံးသို့လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပြီး သံရုံးမှလိုအပ်သည့် စိစစ်မှုများပြုလုပ်၍ လက်ခံဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။
သံရုံးသို့လာရောက်ရာတွင်လည်း ကာယကံရှင်ကိုယ်တိုင် ပြုလုပ်ထားခြင်းမရှိတဲ့ Appointment များဖြင့် လာရောက်ခြင်း ဟုတ်/မဟုတ် လိုအပ်သည့်အချက်အလက် များဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ကောင်စစ်ဌာနအတွင်းသို့ ဝင်ခွင့်ပြုသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် မူနှင့်ကိုက်ညီသော လျှောက်ထားမှုများနှင့် မိသားစုဝင်များမှအပ Appointment တစ်ခုလျှင် လျှောက်လွှာတစ်စောင်သာ လက်ခံသွားမှာဖြစ်ပြီး မိသားစုဝင်များ မှအပ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ကိုယ်စား လာရောက်လျှောက်ထားသူများအား လက်ခံဆောင်ရွက်ပေးမှာမဟုတ်ကြောင်း၊ သံရုံးသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် အခက်အခဲရှိတဲ့ ဝေးလံဒေသများမှ မြန်မာနိုင်ငံသားများအနေနဲ့ စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထား မှုကို ဆက်လက်ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိကြောင်း သံရုံးမှအသိပေးထားကြောင်း သိရပါတယ်။
