#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ အာမိုရင်အပေါ် မန်ယူကစားသမားအချို့ ယုံကြည်မှု ပျောက်ဆုံးနေကြပြီဟု သတင်းများ ထွက်ပေါ်လာ
မန်ယူအသင်းကစားသမားအချို့သည် မန်နေဂျာရူဘင်အာမိုရင်အပေါ်၌ ယုံကြည်မှုပျောက်ဆုံးနေကြပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာ၍ ပေါ်တူဂီလူမျိုး မန်နေဂျာ၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာပြီဖြစ်သည်။
မန်ယူသည် တန်ဟတ်၏နေရာတွင် အစားထိုးရန် စပို့တင်းလစ္စဘွန်းထံ လျော်ကြေး ပေါင်ကိုးသန်းကျော်အထိ ပေးချေ၍ ရူဘင်အာမိုရင်ကိုခေါ်ယူခဲ့သော်လည်း ၎င်း၏လက်ထက်တွင် ရလဒ်များဆက်တိုက်ဆိုးရွားနေခဲ့ပြီး လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၁၅)နေရာ၌ ရပ်တည်နေရကာ တန်းမဆင်းရရန်ပင် ရုန်းကန်နေရပြီဖြစ်သည်။
ထို့ကြောင့်လည်း မန်ယူကစားသမားအချို့မှာ ရူဘင်အာမိုရင်၏ နည်းဗျူဟာပိုင်းများအပေါ် ယုံကြည်မှုကင်းမဲ့နေကြပြီဖြစ်ကြောင်း သတင်းများက အခိုင်အမာဖော်ပြခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် အဆိုပါကစားသမားအုပ်စုသည် နောက်ကျဂိုးများသွင်းယူနိုင်မှုကြောင့် ရရှိခဲ့သောနိုင်ပွဲများသည်ပင်လျှင် ရူဘင်အာမိုရင်၏ နည်းဗျူဟာပိုင်းဆိုင်ရာ ကောင်းမွန်မှုများထက် ကံတရား၏ အထောက်အပံ့များအပေါ်၌သာ မူတည်နေသည်ဟုပင် ယူဆထားပြီးဖြစ်ကြောင်း အဆိုပါသတင်းအရင်းအမြစ်များ၏ ဆက်လက်ဖော်ပြချက်များအရ ထပ်မံသိရခြင်းဖြစ်သည်။
မန်ယူသည် လက်စတာ၊ ဖူလ်ဟမ်၊ ရိန်းဂျားစ်၊ ဆောက်သမ်တန်၊ ဗစ်တိုး ရီးယားပယ်ဇန်တို့နှင့် ပွဲစဉ်များတွင် နောက်ကျအနိုင်ဂိုးများ သွင်းယူနိုင်မှုနှင့် အတူနိုင်ပွဲများရရှိခဲ့ခြင်းဖြစ်ပြီး ရူဘင်အာမိုရင်လက်ထက်တွင် ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း ၁၄ ပွဲအထိယှဉ်ပြိုင် ကစားခဲ့ချိန်၌ လေးပွဲသာအနိုင်ရယူထားနိုင်ခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့်(၁၅) နေရာ၌ ရပ်တည်နေရသည်။
