အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂ဝ၀ ကို ယနေ့ ထပ်မံလွှဲပြောင်းပေးအပ်
ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀၀ ကို ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်း ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀၀ ကို လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယနေ့ လွှဲပြောင်းပေးအပ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ ဖွင့်ဟဝန်ခံချက်များအရ အများစုသည် တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့လည်းကောင်း၊ ထိုမှတဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦးရောက်ရှိကြပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (Telecom Fraud) ကိုယ်စားလှယ်များက ထိုင်း- မြန်မာ နယ်စပ်ရှိ သောင်ရင်းမြစ်အား တရားမဝင်ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ- KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရွှေက္ကိုလ်နယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ အချို့လှုပ်ရှားနေထိုင်လျက်ရှိပြီး တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ၊ ကန့်သတ်ချက်များရှိခြင်းကို အခွင့်ကောင်းရယူကာ ကိုယ်ကျိုးစီးပွားရှာသူများက အွန်လိုင်းလောင်းကစားမှုများအပါအဝင် ဒုစရိုက်အမှုများကို ကျူးလွန်နေကြခြင်းဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုများ၏ အခြေခံလိုအပ်ချက်များကို တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူခဲ့ကြခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြဝတီ၊ ရွှေကုက္ကိုလ်၊ KK Park ဒေသများသို့ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၁၉ ရက်အတွင်း ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁,၅၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw


