ကျပ်သိန်းထောင်ချီတန် ရတနာပုံခေတ်လက်ရာ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်အား ခိုးယူသည့်အဖွဲ့ကို ဖမ်းမိပြီ

ဖေဖော်ဝါရီ ၂၀

ကျပ်သိန်းထောင်ချီတန် ရတနာပုံခေတ်လက်ရာ ရှေးဟောင်းလျောင်းတော်မူ ကျောက်သားဆင်းတုတော်အား ခိုးယူသည့်အဖွဲ့ကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နံနက်က ဖမ်းမိပြီဖြစ်ကြောင်း သိရှိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီအတွင်းက သိန်းပေါင်းထောင်ချီတန်သည့် ရှေးဟောင်းလျောင်းတော်မူကျောက်သားဆင်းတုတော်အား ခိုးယူသည့် အမျိုးသား (၄)ဦးကို သက်သေခံဆင်းတုတော်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဖမ်းမိပါပြီ၊ ဆက်လက်လုပ်ဆောင်စရာတွေရှိသေးလို့ လောလောဆယ် ဖမ်းမိတာကိုပဲ ပြောနိုင်ပါသေးတယ်” ဟု ယင်းက ပြောသည်။

ကျပ်သိန်းထောင်ချီတန် ရတနာပုံခေတ်လက်ရာ ရှေးဟောင်းလျောင်းတော်မူကျောက်သား ဆင်းတုတော်တစ်ဆူ ခိုးယူခံရကာ ပျောက်ဆုံးနေကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်က သိရှိခဲ့သောကြောင့် အမှတ် ၉ နယ်မြေရဲစခန်းသို့ သတင်းပေးတိုင်ချက်ဖွင့်ခဲ့သည်။ ၎င်း ရှေးဟောင်းသမိုင်းဝင်စေတီတော်အတွင်း ခိုးယူခံရသည့်လျောင်းတော်မူ ဆင်းတုတော် အပါအဝင် ရှေးဟောင်း ဆင်းတုတော် သုံးဆူအား သော့ခတ်ထားပြီး အကာအရံများဖြင့် ပူဇော်ထားသည်ကို သော့ဖျက်၍ ခိုးယူသွားခြင်း ဖြစ်သည်။

အဆိုပါ ရှေးဟောင်းလျောင်းတော်မူကျောက်သား ဆင်းတုတော်အား ၂၀၀၇ ခုနှစ်က ခိုးယူခံရခဲ့သည့် ဖြစ်စဉ် ရှိခဲ့ပြီး မြဝတီမြို့အတွင်း ဖမ်းမိခဲ့သော ဘုရားခိုးဂိုဏ်းတစ်ခုထံမှ ပြန်ရခဲ့သည့်အတွက် မူလနေရာဖြစ်သည့် မန္တလေးမြို့ရှိ သမိုင်းဝင်ရွှေအိုးရစေတီတော်ပရိဝုဏ်အတွင်း ပြန်လည်ပင့်ဆောင် ပူဇော်ခံထားရာမှ ထပ်မံ အခိုးခံရခြင်းသော်လည်း ချက်ချင်းပင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image