" လက်ကျန်လရောင် "
မြန်မာ့ရိုးရာအငွေ့အသက်တွေအပြည့်ရတဲ့
ဒီဝတ္ထုမှာ ပြာသိုလ ခွာညိုပန်း၊ တပို့တွဲလ လက်ပံ၊ တပေါင်းလ သရဖီပန်း ၊ ကဆုန်လ စကားဝါပန်း စသဖြင့် ဇာတ်ကောင်မြကျေးရုံသဘောကျတဲ့ပန်းကလေးတွေနဲ့ အခန်းအလိုက်ခွဲထားတာရယ်၊ အချိန်ကာလတွေကို မြန်မာခုနှစ်သက္ကရာဇ်တွေနဲ့ပဲ ဖော်ညွှန်းထားတာရယ် ကိုပထမဦးစွာ အရမ်းသဘောကျမိပါတယ်
ဆက်ပြောရရင် ဇာတ်လမ်းအစမှာ တစ်ခါမှမရောက်ဖူးတဲ့ အာနန္တာဘုရားပွဲအကြောင်း၊ ပုဂံသမိုင်းတွေ၊ ယွန်းလုပ်ငန်းနဲ့ တစ်ခါမှမကြားဖူးတဲ့ အညာဒေသရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တွေ ကောင်းကောင်းသိခဲ့ပါရတယ်
လက်ကျန်လရောင်ဟာ အချစ်ဝတ္ထုလားဆိုရင် အချစ်ဝတ္ထုသက်သက်မဟုတ်ခဲ့ဘူး
မြန်မာ့ရိုးရာယဉ်ကျေးမှုတွေအကြောင်း ပိုသိချင်လာပြီး ထိန်းသိမ်းစောင့်ရှောက်ချင်လာတယ်၊ ပုဂံကိုပိုချစ်မြတ်နိုးလာတယ်၊ ဧရာဝတီတစ်ဖက်ကမ်းက ပုဂံမြို့မြင်ကွင်းကို ကြည့်ဖူးချင်လာတယ်၊မင်းနန်းသူ ကျွန်းသီရိကိုလည်း ရောက်ဖူးချင်လာတယ်
ဆူးပုပ်ဟာ သူ့ကတိတွေကို တည်ခဲ့ပါတယ်
" မမက ပန်းကြိုက်တယ်နော်
မမရွာမှာကျ ပန်းတွေ များများမရှိဘူး
ကျွန်တော် အိမ်ကောင်းကောင်းဝယ်နိုင်ရင်
မမဖို့ ပန်းတွေအများကြီး စိုက်ပေးမယ် " ဆိုတဲ့စကားနဲ့ အညီ သူ့ရဲ့အိမ်လေးမှာ မမကြိုက်တဲ့ (၁၂)လ ရာသီပန်းတွေကို တစ်အိမ်လုံးမှာ အနှံ့စိုက်ပေးခဲ့တယ်လေ
ရန်ပြေအတွက် မြကျေးဟာ ကျန်စစ်သားတစ် ယောက် ဖြစ်ခဲ့ပေမယ့် မြကျေးကတော့ ဆူးပုပ်အတွက် ဥယျာဉ်မှူးတစ်ယောက်သာ ဖြစ်လိုခဲ့တာ
ညမှောင်နေရင် အလင်းပေးနိုင်မယ့် လဝန်း မနက်နေထွက်လာရင် အလိုက်တသိ ဆုတ်ခွာပေးသွားမယ့် လရောင်ကလေး သာသာ သာ ဖြစ်လိုခဲ့တာလေ။
လူတွေဟာ ညဘက်မှာ လကိုဘယ်လောက်ပဲတမ်းတနေပါစေ နေထွက်လာရင်တော့
လကိုမေ့သွားတတ်တာမို့ နံနက်ဦးကာလတွေမှာ လက်ကျန်လရောင်ဟာ အပိုဖြစ်ခဲ့ရပါတယ်
အမြဲတမ်း မောင်လေး၊ ရန်ပြေ၊ ဆူးပုပ် လို့ပဲခေါ်တတ်တဲ့ မြကျေးက နောက်ဆုံးခန်းမှာ " မောင် " လို့ခေါ်လိုက်တဲ့အခါ ကိုယ်ပါ မျက်ရည်ဝဲရတယ်
ဆူးပုပ်နဲ့ကြက်ဥကြော်စားတိုင်း ...
ပုဂံဘုရားတွေကိုမြင်တိုင်း ...
မင်းနန်သူနဲ့ ကျွန်းသီရိဆိုတဲ့နာမည်တွေ
ကြားတိုင်း မြကျေးရုံနဲ့ ရန်ပြေအေးကို
သတိရနေတော့မယ်ထင်ပါတယ်
စာကြွင်း - တခြားသူတွေကလေ ဘယ်လိုဇာတ်သိမ်းလဲမသိပေမယ့် ကျွန်တော် ကတော့ နောက်ဆုံးမှာ ပေါင်းပေးလိုက်ပါတယ် ဆူးပုပ် နဲ့ ကြက်ဥကို
( မောင် လို့လည်းခေါ်လိုက်တယ် ၊ လက်ကောက်လေးကိုလည်း ဝတ်လိုက်တယ် ဆိုတော့လေ)
#ပုညခင်
#လက်ကျန်လရောင်
