#ပြည်တွင်းသတင်း
◼ရန်ကုန်မြို့ရှိ Peninsula Hotel စီမံကိန်းရပ်ဆိုင်း
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မီးရထားဌာနချုပ်ဝန်းဟောင်းအတွင်းရှိ အမေရိကန်ဒေါ်လာသန်း ၁၃၀ အကုန်အကျခံတည်ဆောက်လျက်ရှိသည့် Peninsula Hotels စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း NIKKEI Asia ၏သတင်းဖော်ပြချက်အရသိရသည်။
အဆိုပါဟိုတယ်စီမံကိန်းကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များဝင်ရောက်မှု မရေမရာဖြစ်လာသည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံထားသည့် ဟောင်ကောင်ဒေါ်လာ ၁၆၉ သန်း (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၁ သန်း) ကို ဆုံးရှုံးငွေအဖြစ်စာရင်းသွင်းမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။
ယင်းစီမံကိန်းကို အခန်းပေါင်း(၈၈) ခန်းပါ ဇိမ်ခံဟိုတယ်ကြီးတည်ဆောက်ရန် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်မှ ၇၀ ရာခိုင်းနှုန်းနှင့် ဖမ်းဆီးခံထားရသည့်ဦးသိမ်းဝေ၏ Yoma Group က ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် စီမံကိန်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ရန်လျာထားခဲ့ခြင်းဖြစ်သည်။
Peninsula Hotel စီမံကိန်းရပ်ဆိုင်းသွားသော်လည်း အဆိုပါမီးရထားဌာနချုပ်ဝန်းဟောင်းအတွင်းရှိ Yoma Central စီမံကိန်းမှာမူ အမေရိကန်ဒေါ်လာ ၃၂ သန်းကျော်အရှုံးပေါ်နေသော်လည်း ရပ်ဆိုင်းခြင်းမရှိသေးကြောင်း ဒေသတွင်းသတင်းများတွင်ရေးသားထားသည်။
