ကင်မရာအစွမ်း အတော်ကြမ်းမယ့် Nothing Phone 3a
အလတ်တန်းစားဈေးထဲက စိတ်ဝင်စားဖို့ကောင်းမယ့် ဖုန်းတစ်လုံးက Nothing Phone 3a ပါ။
ဒီဖုန်းက လာမယ့် မတ်လ ၃ ရက်နေ့မှ ထွက်မှာ ဖြစ်ပေမယ့် ကင်မရာ sample စမ်းပြထားတာတွေ ထွက်လာပါပြီ။ ကင်မရာ specs တွေလည်း သိနေရပြီ ဖြစ်ပါတယ်။ Nothing Phone 3a ကို ကင်မရာ demo စမ်းပြချိန်မှာ ရိုးရိုးဖုန်းနဲ့ မယှဉ်ဘဲ iPhone 16 Pro Max နဲ့ ယှဉ်ပြသွားတဲ့ ဗွီဒီယိုဖိုင်လည်း တက်လာပါတယ်။
ဗွီဒီယိုထဲကအတိုင်းဆို Nothing Phone 3a က အရင်ကထက် အတော်ကြီးကို upgrade လုပ်လာတာလို့ ပြောနိုင်ပါတယ်။ Sony ထုတ် ကင်မရာတွေရဲ့ အစွမ်းလို့ ဆိုရမှာပါ။ ဒီဖုန်းမှာက OIS ပါ 50MP Shake Free ကင်မရာ ၊ periscope lens ပါ 50MP telephoto ကင်မရာ နဲ့ 8MP Sony ထုတ် ultrawide ကင်မရာသုံးလုံးနဲ့ ရှေ့ 50MP ကင်မရာတို့ သုံးသွားတာပါ။
ဒေါ်လာ ၃၀၀ တန်းဖုန်းတစ်လုံးမှာ periscope သုံးလာတာက တော်တော်မိုက်ပါလိမ့်မယ်။ ဒီ lens က 70mm focal length ရှိပြီး 3x optical , 6x lossless နဲ့ 60x Ultra zoom တွေပါ ရပါတယ်။ နောက်ပြီး macro ရိုက်ချက်နဲ့ 6x အနီးကပ်ရိုက်ချက်တွေလည်း ရိုက်နိုင်မှာပါ။
Stablilization လည်း တော်တော်လည်း ကောင်းလာပါတယ်။ စက်ဘီးစီးပြီး stablization စမ်းပြချိန်မှာ 4K 30fps နဲ့ ဗွီဒီယိုရိုက်ပြတဲ့ sample ဆို တော်တော်ငြိမ်ပြီး ရုပ်ထွက်ကောင်းတာ တွေ့ရပါတယ်။ ကင်မရာ ၄ လုံးစလုံးကို Ultra HDR support ပေးထားပြီး main နဲ့ ရှေ့ကင်မရာတွေက 4K ဗွီဒီယိုကို stable footage နဲ့ ညရုပ်ထွက်ပိုကောင်းစေမယ့် night enhancement တွေ ပေးထားပါတယ်။
အခုပုံစံအရဆို Nothing Phone 3a က ဈေးကွက်ထဲက ကင်မရာကောင်းတယ်ဆိုတဲ့ ဖုန်းတွေနဲ့တောင် ယှဉ်နိုင်ဖို့ ရှိပါတယ်။ တခြား Specs တွေအနေနဲ့ ကြားထားတာက Nothing Phone 3a က Snapdragon 7s Gen 3 Chipset နဲ့ လာပြီး ၆.၇၂ လက်မ 120Hz AMOLED display ၊ IP64 rating နဲ့ 5000mAh ဘက်ထရီတို့ သုံးလာနိုင်ပါတယ်။
ဒီဖုန်းနဲ့အတူ ပိုပြီးအဆင့်မြင့်တဲ့ Pro မော်ဒယ်လည်း မတ်လ ၄ ရက်နေ့မှာ ကြေညာသွားဖို့ ရှိပါတယ်။
