ကျွန်တော်တို့ EV တွေကို ဘာ့ကြောင့် မကြိုက်ကြသလဲ? စွမ်းဆောင်ရည်လည်းကောင်းတယ်၊ ICE ကားတွေလို အင်ဂျင်ဝိုင်ဘာညာလည်း လဲဖို့မလိုသလို ဆီဖိုးလည်းကုန်စရာမရှိဘူး၊ နောက်ဆုံးဗျာ လူတွေပြောပြောနေကြတဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာကြီးကိုလည်း ထိန်းသိမ်းရာရောက်အုံးမယ်။ ဒီလောက်အဖက်ဖက်က ကောင်းကွက်တွေရှိနေပါလျက် ဘာ့ကြောင့်များ EV ဆို လက်တွန့်နေကြသလဲ? ဒီမေးခွန်းအတွက် ကျွန်တော့်ရဲ့အဖြေကတော့ Driving Enthusiasts စစ်စစ်တွေ သိပ်မက်မောကြတဲ့ ဝိညာဥ်တစ်စုံမပါလို့လို့ပဲ ဆိုရလိမ့်မယ်။ ဒါဆို ဒီဝိညာဥ်တစ်စုံကို ဖော်ထုတ်ပေးနိုင်မယ်ဆိုရင်ရော ကျွန်တော်တို့တစ်တွေ EV တွေအပေါ် လက်ခံပေးလာနိုင်မလား?
အောက်ကပုံထဲမှာ မြင်တွေ့ရတဲ့ကားက လာမယ့် 2027 လောက်မှာ မိတ်ဆက်သွားဖို့ရှိနေတဲ့ BMW ရဲ့ Pure EV စစ်စစ် M3 Prototype တစ်စီးပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် Google News နဲ့ အခြားသော အင်တာနက်သတင်းစာမျက်နှာတွေပေါ်မှာ ဒီသတင်းကိုတွေ့နေတာ ကြာပါပြီ။ EV M3 ဆိုကတည်းက ဝင်ကိုမဖတ်ပဲနေနေခဲ့တာ "Cars with Miles" ရဲ့ YouTube ဗီဒီယိုလေး မကြည့်မိခင်အထိပဲဆိုပါတော့။
ဗီဒီယိုထဲက Miles Somerville ပြောထားသလိုပဲ လွန်ခဲ့တဲ့ နိုဝင်ဘာလ (၂၀၂၄) မှာ Apple ဆီကနေ လုံးဝ custom-designed နဲ့ M-series chips သုံး MacBook တွေ မိတ်မဆက်ခင်အထိတော့ Mac users တွေအနေနဲ့ Intel processors တွေနဲ့သာ ကျင်လည်ခဲ့ရပါတယ်။ ဒီပြောင်းလဲမှုအရွေ့ကြောင့်ပဲ MacBook တွေ ယခင်ကထက်ပိုစွမ်းဆောင်ရည်ကောင်းလာကြသလို Hardware နဲ့ Software optimization တွေပါ သိသိသာသာ တိုးတက်လာခဲ့တာကို မိတ်ဆွေသာနည်းပညာပိုင်းစိတ်ဝင်စားသူတစ်ယောက်ဆို ကောင်းကောင်းကြီး သိမှာပေါ့။ PlayStation 5 ကို developed လုပ်တုန်းက Sony အနေနဲ့ AMD ဆီပြေးကပ်ပြီး custom CPU နဲ့ GPU တွေ ဖန်တီးခဲ့တာတို့၊ Tesla အနေနဲ့ Autopilot အတွက် third-party chips တွေအပေါ် မှီခိုခဲ့ရာကနေ နောက်ပိုင်းမှာ ကိုယ်ပိုင် in-house ဖန်တီးထားတဲ့ FSD ကွန်ပြူတာတွေနဲ့ အစားထိုးလာနိုင်တာတို့လို သာဓကတွေများစွာရှိခဲ့တယ်။
ကားအကြောင်းမပြောပဲ အက်တမင်စကားပလ္လင်ခံနေတာ တော်တော်လေကြောရှည်တယ်ဆိုပြီးတော့ မထင်လိုက်ပါနဲ့အုံး။ အဓိကအကြောင်းအရာလာပါပြီ။ ခုနောက်ပိုင်းမှာ BMW ရဲ့ "Neue Klasse" Concept ကားတွေကို တအိအိနဲ့မြင်တွေ့လာရပါတယ်။ Concept ကားတွေဖြစ်နေသေးတာကတစ်ကြောင်း၊ EV ကလည်းဖြစ်နေပြန်သေးတော့ ဒီ platform အပေါ် လူတွေလည်း အရမ်းကြီးစိတ်ဝင်တစားမရှိကြပါဘူး။ မိတ်ဆွေ ယုံမလား မယုံလားတော့ အတတ်မပြောတတ်ပေမယ့် Apple ရဲ့ M-series chips တွေလိုပဲ "Neue Klasse" platform ရဲ့ "Heart of Joy" system ကျေးဇူးကြောင့် အနာဂတ် BMW ကားတွေအပေါ် ကြီးမားတဲ့ရိုက်ခတ်မှုတစ်ခု ဖြစ်လာနိုင်တယ်ဗျ။ အထူးသဖြင့် EV တွေဆိုပါတော့။
ဒီနေရာမှာ "Neue Klasse" platform က BMW အနာဂတ် EV တွေရဲ့ ဦးနှောက်တစ်ခုသာဆို "Heart of Joy" system က ဝိညာဥ်တစ်စုံလို့ တင်စားချင်တယ်။ ICE ကားတစ်စီးမှာသာရခဲ့ဖူးတဲ့ Driving Dynamics ဆိုတဲ့ စိတ်ဝိညာဥ်တွေကို EV တစ်စီးပေါ်ဆွဲတင်ပြီး fun to drive ဖြစ်အောင် လုပ်ယူပေးမှာဖြစ်သလို ဒီ control unit တစ်ခုလုံးကိုလည်း ခေါင်းအစခြေအဆုံး BMW ကိုယ်တိုင်ပဲ in-house developed လုပ်ထားတယ်ဆိုပဲ။
ကားရဲ့အပြင်ပိုင်း ဒီဇိုင်းနဲ့ပတ်သက်ပြီးကတော့ camouflague တွေကပ်ထားတာမို့ အထူးအထွေမပြောတော့ဘဲ ဒီကောင့်ရဲ့ စွမ်းဆောင်ရည်အကြောင်းပဲ ပြောပါ့မယ်။ BMW ရဲ့ EV M3 တစ်စီးမှာ 18,000 Nm of Torque ထွက်မယ်ဆို ယုံမလားမိတ်တွေ? အက်တမင်သုညတစ်လုံး ပိုရေးမိတာလည်းမဟုတ်သလို 'စ'နေတာလည်းမဟုတ်ပါဘူး။ တကယ်တော့ ဒါက wheel torque ကို ပြောချင်တာဗျ။ ကားတွေမှာ wheel torque နဲ့ motor torque ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကားရဲ့ Gear Ratio ပေါ်မူတည်ပြီး တွက်ယူရတာဖြစ်လို့ Gear Ratio က 10:1 ဆို wheel torque နဲ့ motor torque ကလည်း ဆယ်ဆတစ်ဆကွာသွားပါတယ်။ လက်တွေ့မှာလည်း ကားတစ်စီးရဲ့ Torque ကို motor torque နဲ့ပဲ ပြောကြတာမို့ 18,000 Nm of wheel torque ထွက်တဲ့ EV M3 ရဲ့ motor torque အစစ်အမှန်က 1,800 Nm ရှိပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ ဒီပမာဏကလည်း အတော်လေးများသေးသလို 1,600 Nm ထွက်တဲ့ Bugatti Chiron ထက်ကို သာပါသေးတယ်။
ပြောရရင် EV M3 အကြောင်းတင်ထားတဲ့ အင်တာနက်စာမျက်နှာတွေထက်က comment sections တွေထဲမှာတော့ ထုံးစံအတိုင်းပဲ သဘောမကျဘူးဆိုတဲ့သူတွေက ခပ်များများရယ်ပါ။ လောလောဆယ်အနေအထားအရလည်း Prototype အဆင့်ပဲရှိသေးတာရယ်၊ official debute မလုပ်ရသေးတာရယ်ကြောင့် အများကြီးတော့ ကောင်းသည်ဆိုးသည်ကို မပြောချင်သေးပါဘူး။ သို့ပေမယ့် "don't judge a book by its cover" ဆိုတဲ့စကားကိုလည်း မေ့ထားလို့မဖြစ်ဘူးမို့ 2027 ရောက်လို့ တကယ့်တကယ်မိတ်ဆက်တဲ့အခါမှပဲ စကားတွေအများကြီးထပ်ပြောပါတော့မယ်။
