24 w - Translate

"ငါးဒုက္ခ" ဆိုတဲ့ နာမည်ဆန်းတဲ့ ဒီဟင်းလျာလေးက အင်းလေးဒေသ အစားအစာပါ။ "ငါးရာဇ၀တ်" လို့လည်း ခေါ်ပါတယ်။ ငါးကိုကျောခွဲ ဗိုက်ထဲက ကလီစာတွေထုတ်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထာပနာပြီး ကြော်ရတာမျိုးပါ။ ကျွန်မကတော့ ငါးဖိန်းကိုသုံးထားပါတယ်။ ငါးဖိန်း မဟုတ်ဘဲ အခြားငါးတွေကိုလည်း အသုံးပြုလို့ ရပါတယ်။ ချက်နည်းလေးကို စပြောပါမယ်ရှင်။
ပါ၀င်ပစ္စည်းများ
ငါးဖိန်း - အနေတော် ၂ ကောင် (၄၀ ကျပ်သားခန့်)
ကြက်သွန်ဖြူအမွှာကြီး - ၅ မွှာ
ကြက်သွန်နီဥကြီး - ၁ လုံး
ဆီ - ၂၀ ကျပ်သားခန့်
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
ဆနွင်း - လက်ဖက်ရည်ဇွန်း ၁ ၀က်
ငပိစိမ်းစား - လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ
ငရုတ်သီးအကြမ်းမှုန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
စပလင် - ၃ ပင်
နံနံပင် - ၁ စည်း
နှီးဖျား - ၄ ချောင်း
ဆလပ်ရွက် - ၅ ရွက်
ခရမ်းချဉ်သီး - ၁ လုံး
- ငါးကို ခေါင်းဖြတ်ပြီး အူထုတ်ပါ။ ပြီးမှ ကျောခွဲ၊ ကျောရိုးထုတ်ပြီး ရေစင်အောင်ဆေးပါ။ ခေါင်းပိုင်း၊ အမြှီးပိုင်း နှစ်ပိုင်းရအောင် အလယ်မှ တစ်၀က်ပိုင်းပါ။ ပြီးလျှင် ဓားအနှောင့်နှင့် သာသာလေး ထုပေးပါ။ (ငါးအသားများ မကျေစေရန် သာသာလေး ထုပေးပါ) ငါးအတွင်းသားကို ဆား၊ ဆနွင်းမှုန့်သုတ်လိမ်းပြီး အရသာ၀င်အောင် နှပ်ထားပါ။ အဲဒီအချိန်မှာ အခြားအစာပလာကို ပြင်ဆင်ပါမယ်။
- စပလင်ကို အရင့်ပိုင်းများဖယ်ပြီး ရေဆေးကာ ပါးပါးလှီးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အခွံခွာထားပါ။ နံနံပင်ကိုလည်း အမြစ်ဖယ်ပြီး ပါးပါးလှီးထားပါ။ နှီးများကို ရေစိမ်ထားပါ။ (ကြော်သည့်အခါ မကျွမ်းသွားစေရန်)
- ဆုံထောင်းထဲတွင် ပါးပါးလှီးထားသော စပလင်ကို အရင်ဆုံးထည့်ထောင်းပါ။ ကျေညက်သွားမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငပိစိမ်းစား၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို အစဉ်လိုက်ထည့်ထောင်းပါ။ နံနံပင်ကို နောက်ဆုံးမှထောင်းပါ။
- အစာပလာများ အဆင်သင့်ဖြစ်မှ ငါးထဲတွင်ထည့်ပြီး နှီးဖြင့်လုံအောင် ချည်ထုပ်ပါ။ ဒယ်အိုးထဲဆီထည့်ပြီး ဆီဆူမှ ငါးများကိုစီရီထည့်ပြီး ကြော်ပါ။ (မကပ်စေရန် နှစ်ခါခွဲကြော်ပါ) တစ်ဖက်ပြီးတစ်ဖက် ပြောင်းလှန်ပေးရင်း ငါးအသား မာတောင့်တောင့်လေး ဖြစ်လာလျှင်ရပါပြီရှင်။
- ဆလပ်ရွက်လေးတွေကို ရေဆေးပြီး ပန်းကန်လှလှလေးထဲမှာ ဖြန့်ခင်းပါ။ ငါးဒုက္ခကို ကြည့်ကောင်းအောင် စီထည့်ပြီး ဘေးနားကနေ ခရမ်းချဉ်သီး အကွင်းလိုက် လှီးထားတာလေးတွေနဲ့ အလှဆင်ပြီး တည်ခင်းပါ။
တစ်အိမ်လုံး အနံ့တွေမွှေးပြီး သရေယိုစေမဲ့ "ငါးဒုက္ခ (သို့) ငါးရာဇ၀တ်" ဟင်းပါ။ နူးညံ့တဲ့ ငါးရံ့အသားရယ် စပလင်နဲ့ ငရုတ်သီးအကြမ်းမှုန့်ရဲ့ ပူစပ်တဲ့အရသာရယ် ငပိနံ့လေးရယ် နံနံပင်နံ့လေးရယ် ပေါင်းစပ်ထားတာမို့ တကယ်ကို အနံ့အရသာနဲ့ ပြည့်စုံတဲ့ဟင်းလေးတစ်ခွက်ပါ။ ထမင်းပူပူနဲ့ ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် ပိုလိုက်ဖက်ပါတယ်ရှင်။
#cooking

image