မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများအသုံးပြုရန် လျှပ်စစ်ဓာတ်အားပို့လွှတ်မည်မဟုတ်ဟု လာအိုအစိုးရပြော
ဖေဖော်ဝါရီ ၁၄
လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီဖြစ်သည့် Electricité du Laos (EDL) က မြန်မာနိုင်ငံရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့် ဂိုဏ်းများအသုံးပြုရန်အတွက် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်မည်မဟုတ်ကြောင်း အတည်ပြုပြောဆိုလိုက်သည်။
ထိုင်းနှင့် မြန်မာနိုင်ငံ နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများကို ဖြိုခွင်းမှုအစိတ်အပိုင်းအဖြစ် ထိုင်းအစိုးရသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပေးပို့ခြင်းများကို ရပ်တန့်လိုက်ပြီးနောက် လာအိုနိုင်ငံမှ လျှပ်စစ် ဓာတ်အား ရယူဖွယ်ရှိသည်ဟု အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။
လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို စာသင်ကျောင်း၊ ဆေးရုံကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အစိုးရအဆောက်အဦများ၊ အသေးစားစီးပွားရေးလုပ်ငန်းများ၊ ဒေသခံများအပါအဝင် အများပြည်သူအသုံးပြုရန်အတွက်သာ ပို့လွှတ်မည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။
လာအိုနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေးကုမ္မဏီဖြစ်သည့် Electricité du Laos (EDL)သည် အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်နေသည့်ဂိုဏ်းများ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းကိုတားဆီးရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှမ်းပြည်နယ်တာချီလိတ်သို့ လျှပ်စစ်ဓာတ်အား ၁၃ မဂ္ဂါဝပ်၏ တစ်ဝက်ကို လျှော့ချပေးပို့ခဲ့သည်ဟု သိရသည်။
EDL သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီမှတစ်ဆင့် တာချီလိတ်ခရိုင်ကိုလျှပ်စစ်ဓာတ်အားပေးပို့ရန် သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ် မေလတွင် လျှပ်စစ်ဓာတ်အား ပေးပို့ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။
သဘောတူညီမှုစာချုပ်အရ EDL သည် တာချီလိတ်သို့ ၃၀ မဂ္ဂါဝပ်ထက် ပေးပို့ခွင့်ရှိမည်မဟုတ်ဘဲ မြန်မာနိုင်ငံရှိ မြို့များသို့ လျှပ်စစ်ဓာတ်အား အများဆုံး ၁၃ မဂ္ဂါဝပ်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသည် အာဆီယံ၏ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ အိမ်နီးချင်းနိုင်ငံများသို့ ဓာတ်အားပေးပို့ သဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်သို့ လျှပ်စစ်ဓာတ်အား အကန့်အသတ်ဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။
Ref,asianewsnetwork
#centralnewsnaypyitaw
