Part-1
*ကိုယ်စားလှယ်က ပိုကောင်းသလား

ပြည်သူ့ကိုယ်စားလှယ်တို့ အုပ်စိုးသောစနစ်သည် လူထုတစ်ရပ်လုံးထံမှ သဘောထား များကို အမြဲ ရယူအုပ်စိုးသောစနစ်ထက် ပိုကောင်းသည်ဟု ခံယူသူ အများအပြားရှိသည်။
လူထုကြီးထဲက အများနှစ်သက်၍ ရွေးချယ်ခဲ့သော ကိုယ်စားလှယ် များသည် အများသူငါထက် နိုင်ငံရေးရာ စဉ်းစားဝေဖန်ရာ၌ ခေါင်းတစ်လုံး သာသည်၊ ထို့ကြောင့် တိုင်းပြည်အတွက် ဥပဒေများ သတ်မှတ်ပြဋ္ဌာန်းရာ၊ မူဝါဒများ ချမှတ်ရာတို့၌ ၎င်းတို့အနေနှင့် အများသူငါတို့ အထွေထွေ အပြားပြား စဉ်းစားထားသည်များထက် ပို၍ သင့်တော်မှန်ကန်စွာ စဉ်းစား ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟု ၎င်းတို့က ရှုမြင်သည်။
အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အဓိက ပါဝင်သူ တစ်ဦးဖြစ်၍၊ နောင်တွင် အမေရိကန်ပြည်၏ စတုတ္ထမြောက် သမ္မတဖြစ်လာသူ ဂျိမ်း(စ)မေဒီဆင် (James Madison) က ပြည်သူ့ ကိုယ်စားလှယ်များထံမှ ထွက်လာသည့် ပြည်သူ့အသံသည် လူထုကြီး ကိုယ်တိုင်ထံက ထွက်လာသော အသံများထက် ပြည်သူ့ အကျိုးစီပွားကို ပိုမို ထင်ဟပ်လိမ့်မည်ဟု ဆိုခဲ့သည်။
ဗြိတိသျှ နိုင်ငံရေး သုခမိန်တစ်ဦးဖြစ်သူ အက်ဒမန်ဘာ့ခ် (Edmund Burke) ကလည်း ပြည်သူ့ကိုယ်စားလှယ်၏ တာဝန်သည် နိုင်ငံ့အရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဘယ်အရာသည် အကောင်းဆုံးဟု မိမိ ရှုမြင်သည့် အတိုင်း ဆုံးဖြတ်ရန် ဖြစ်သည်ဟု သဘောရသည်။ သူက မဲဆန္ဒရှင်များအား “ခင်ဗျားတို့ ကိုယ်စားလှယ်ဟာ ခင်ဗျားတို့အတွက် ဝိရိယချည်းသာ မဟုတ်၊ သူ့ဦးနှောက် ဉာဏ်အမြော်အမြင်ပါ စိုက်ထုတ်ပေးဖို့ တာဝန်ရှိတယ်၊ သူ့ဦးနှောက်နဲ့ မစဉ်းစားဘဲ ခင်ဗျားတို့ ပြောသမျှ လိုက်လုပ်မယ်ဆိုရင် ခင်ဗျားတို့ အကျိုးရှိဖို့ မဟုတ်၊ အကျိုးပျက်ရာပျက်ကြောင်း လုပ်ရာသာ ရောက်လိမ့်မယ်”ဟု ဆိုခဲ့သည်။

#ဆက်ရန်ရှိ