Part-1
*သောကြာပိုင်းအစ ဒို့ကျောင်းသားက

“သောကြာဝိုင်း” ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတည်းက အမတေ တည်ခဲ့တယ်လို့ ဆိုရမှာပါ။
၁၉၇၂-၇၃ ခုနှစ်လောက်မှာ ဆရာမိုး(ဆရာ ဦးတင်မိုး) ဦးဆောင်ပြီး “ ကျောင်းသား”ဟူသော ကျူရှင် စတင်ဖွင့်လှစ်ခဲ့တယ်။ အဓိကအကြောင်းကတော့ မန္တလေးကဆင်းလာတဲ့ ဆရာမျိုး (ဆရာ ဦးမျိုးမြတ်၊ ကလေးစာပေ ပထမဆုရခဲ့သူ အကြောင်းပြုပြီး ဆရာမိုးက ကူညီဖွင့်လှစ်ပေးခဲ့တာပါ။ ဆရာမျိုးက အဲဒီအချိန်မှာ ဘွဲ့ရ၊ အလုပ်မဲ့၊ အိမ်ထောင်ရှိပြီး ကလေးနှစ်ယောက်နဲ့ ့ပါ။ ကျွန်တော်တို့ သုံး ယောက်ပေါင်းပြီး ဝိုင်းလုပ်ကြတဲ့သဘောပါ။ ဆရာတွေက အနီးအနား (ဋ္ဌ)ရပ်ကွက် က အလယ်တန်းပြဆရာ ဦးကြည်ဝင်းနဲ့ အပေါင်းပါများ။ နောက်ပိုင်းတော့ ဆရာမို၊ အကြောင်းပြုပြီး တက္ကသိုလ်ဘာသာပြန်ဌာနက ဆရာမင်းကျော် (ကွယ်လွန်)၊ ပညာရေးသုတေသနဌာနက ဆရာဦးဇော်ဝင်း (ကွယ်လွန်)၊ ဆရာ ဦးမြင့်ဟန် စသည် တို့ ပါလာကြပါတယ်။ ဆရာမိုး၊ ဆရာ မင်းကျော်တို့က စနေ၊ တနင်္ဂနွေနေ့များမှာ မြန်မာစာ သင်ကြားကြပါတယ်။
စနေ၊ တနင်္ဂနွေ ညနေစာသင်ပြီးတယ်ဆိုရင် ည(၇)နာရီ (၈)နာရီလောက်မှာ အမောပြေ အပန်းဖြေ စားဝိုင်း၊ စကားဝိုင်းလေး စီစဉ်ကြပါတယ်။ ဒီအချိန်မှာ ကျူရှင်ကလည်း သိပ်မဖွံ့ဖြိုးသေးတော့ ဘီအီးဒီစီနဲ့ ဝက်ခြေထောက်စွပ်ပြုတ်၊ ပဲလှော်နဲ့ စကားပြောရင်း အပန်းဖြေကြတာပါပဲ။
ဆရာမိုးရှိတယ်ဆိုတော့ ဆရာနိုးကလည်း မြို့ထဲကနေ ရောက်လာပါတယ်၊ ကျူရှင်က မြောက်ဥက္ကလာပ (ည)ရပ်ကွက်မှာပါ။ ဆရာနိုးဟာ တော်တော်ကြိုးစား ပြီး လာရပါတယ်။ မြို့ထဲက လာရတဲ့ခရီးဟာ မနီးလှ။ အမှတ်(၆)ကားကို ဂိတ်ဆုံးအောင်စီးရပါတယ်။ ခရီးက မနီးလှပေမဲ့ ဒီရောက်တော့ ကိုယ်နဲ့စိတ်တူ သဘောတူ လူတွေနဲ့ စကားပြောလိုက်ရတော့ အမောပြေသွားပါတယ်။ ဒီလိုနဲ့ အပတ်စဉ်လာဖြစ် ပြောဖြစ်၊ စာပေအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်း ဆွေးနွေးကြ ပြောဖြစ်ကြပါတယ်။ ဒီအချိန်မှာ မလေးနွယ်(ဒေါ်ခင်လေးနွယ်) မပါသေးပါဘူး။ သူက ဆရာနိုးဆီမှာ အင်္ဂလိပ်ကျူရှင်ယူတုန်း ဆရာ့တပည့်မပါ။

#ဆက်ရန်ရှိ