*တိုက်ရိုက် ဒီမိုကရေစီနှင့် ကိုယ်စားပြု ဒီမိုကရေစီ

အများပြည်သူတို့၌ မိမိတို့ ဘဝများအတွက်ရော၊ မိမိတို့ နေထိုင်ရာ လူ့အဖွဲ့အစည်း အတွက်ပါ ချင့်တွက် ဝေဖန်လျက် ဆုံးဖြတ်ချက်များ ချမှတ် နိုင်စွမ်း ရှိသည်ဟူ၍ ယုံကြည်ခြင်းသည်ပင်လျှင် ဒီမိုကရေစီ အတွေးအခေါ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ရှေးဂရိပြည် အက်သင်း(စ)မြို့နိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် အခါ အထက်က ယုံကြည်ချက်ကို အပြည့်အဝ အသုံးချနိုင်အောင် ကြိုးစားသော သဘောဖြင့် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါတိုင်းတွင် နိုင်ငံသားအားလုံး (သို့မဟုတ်၊ ၎င်းတို့ သတ်မှတ်ချက်အရ နိုင်ငံသားအရည်အချင်း ပြည့်ဝသ အားလုံး) ပါဝင်သည့် လူထုစည်းဝေးပွဲကြီးများ ကျင်းပ၍ အများ၏ သဘောဆန္ဒကို ရယူလေ့ ရှိကြသည်။
နိုင်ငံသားတိုင်း နိုင်ငံ့ရေးရာ၊ သို့မဟုတ် နိုင်ငံနှင့်ဆိုင်သော ဆုံးဖြတ် ချက်များ ချမှတ်ရာ၌ တိုက်ရိုက် ကိုယ်တိုင် ပါဝင်နိုင်ကြသဖြင့်၊ ၎င်းစနစ်ကို တိုက်ရိုက် ဒီမိုကရေစီ (direct democracy) စနစ်ဟု ခေါ်ကြပါသည်။
သို့သော် နိုင်ငံသားအားလုံး တက်ရောက်(နိုင်)သည့် လူထုစည်းဝေးပွဲကြီး ဟူသည် နိုင်ငံသားဦးရေ နည်းပါးသော ဂရိမြို့ပြနိုင်ငံများတွင် ဖြစ်နိုင် သော်လည်း လူဦးရေ သန်းချီရှိသည့် နိုင်ငံကြီးများ၌ ကျင်းပဖို့ရာမဖြစ်နိုင်။
သည်အခါ၊ နယ်မြေဒေသအသီးသီးမှာ ရှိသည့် နိုင်ငံသားတို့က မိမိတို့ အပါအဝင် ဖြစ်သော နိုင်ငံသားအားလုံး၏ အရေးကိစ္စများကို စဉ်းစား ဆုံးဖြတ်ရေးတွင် မိမိတို့ကိုယ်စား ဆောင်ရွက်ရန်အတွက် မိမိတို့ နှစ်သက်ရာ ပုဂ္ဂိုလ် အသီးသီးကို စုပေါင်း ရွေးချယ်၍ လွဲအပ်ခိုင်းစေသည့်၊ သို့မဟုတ် တာဝန်အပ်နှင်းသည့် စနစ်ကို ကျင့်သုံးလာရသည်။
နိုင်ငံအုပ်စိုးမှုတွင် နိုင်ငံသားအားလုံး တိုက်ရိုက် ကိုယ်တိုင် မပါဝင်နိုင်ဘဲ၊ ကိုယ်စားလှယ်များမှ တစ်ဆင့်သာ ဆောင်ရွက်ရသော ၎င်းစနစ်ကို ကိုယ်စားပြု ဒီမိုကရေစီ သို့မဟုတ် ကိုယ်စားလှယ် အုပ်စိုးမှုစနစ် (representative democracy) ဟု ခေါ်ကြသည်။
ဒီမို-ကရေစီ၏ အဓိပ္ပာယ် အတိအကျက လူထု-အုပ်စိုးမှုဟူ၍ ဖြစ်ရာ ကိုယ်စားပြု စနစ်သည် ဒီမိုကရေစီ တကယ် စစ်သလား ပြောစရာရှိလာသည်။ အကြောင်းက၊ လူဦးရေနှင့်စာလျှင် အရေအတွက် အလွန်နည်းပါးသည့် ကိုယ်စားလှယ်တို့က အုပ်စိုးတာ ဖြစ်သဖြင့်၊ ဒါသည်လည်း လူတစ်စုအုပ်စိုးမှု (oligarchy) တစ်မျိုးပဲဟု ရှုမြင်နိုင်သောကြောင့် ဖြစ်သည်။
သို့သော်၊ လူတစ်စုအုပ်စိုးမှုနှင့် ဘာတွေကွာသလဲ မပြောမီ ကိုယ်စားပြု စနစ်ကို နှစ်သက်သူတို့၏ အယူအဆကို အနည်းငယ် ဖော်ပြလိုသည်။