၂၀၂၆ ခုနှစ်မှာ တက္ကစီ လေယာဉ်တွေ ပြေးဆွဲမယ့် ဒူဘိုင်း
================================
လျှပ်စစ် တက္ကစီ လေယာဉ်တွေဟာ မြို့ထဲမှာ ကားလမ်း ပိတ်ဆို့မှုကို လျှော့ချပေးနိုင်သလို အသံဆူညံမှု နည်းပါးစေကာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။ ဒူဘိုင်းက Joby S4 တက္ကစီ လေယာဉ်ကို ပြသလိုက်ပြီး ဝန်ဆောင်မှုကို ၂၀၂၆ ခုနှစ်မှာ စတင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းပြုလုပ်နိုင်တဲ့ VTOL အမျိုးအစား ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ အားအပြည့်သွင်းထားရင် ၁၆၁ ကီလိုမီတာကို တစ်နာရီကို ၃၂၂ ကီလိုမီတာ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ခရီးသည် ၄ ယောက်နဲ့ ပိုင်းလော့ ၁ ယောက်ကို သယ်ဆောင်နိုင်ပါတယ်။
တက္ကစီ လေယာဉ်ရဲ့ အားသာချက်က ခရီးသွားချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ် ကနေ Palm Jumeirah ကို ကားနဲ့ သွားရင် ၄၅ မိနစ် ကြာမြင့်ပြီး တက္ကစီ လေယာဉ်နဲ့ သွားရင် ၁၂ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒူဘိုင်းက ဒီထက်ပို အဆင့်မြင့်တဲ့ မောင်းသူမဲ့ တက္ကစီ လေယာဉ်တွေကို ၂၀၃၀ ခုနှစ်မှာ ခရီးစဉ် အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းမှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။
