#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ မျောပါနေသော ရေခဲလွှာချပ်ကို စွန့်ခွာရန် ရုရှားငါးဖမ်းဝါသနာအိုးများ ငြင်းဆန်
အနောက်ပစိဖိတ်ဒေသ အိုခေါ့ခ်ပင်လယ်ရေပြင်အတွင်း မျောပါနေသော ရေခဲလွှာချပ်ကြီးတစ်ခုအပေါ်တွင် သောင်တင်နေသည့် ရုရှားငါးဖမ်းဝါသနာအိုး ၃၀၀ ကျော်အနက် အချို့တို့သည် ကယ်ဆယ်ရေးသမားများကယ်ထုတ်ပေးမှုကို လက်ခံရန် ငြင်းဆန်နေကြကြောင်း ရုရှားအစိုးရ အရေးပေါ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြား ထားသည်။
ရေခဲလွှာပေါ်တွင်ရောက်ရှိနေသော ငါးဖမ်းဝါသနာအိုးများအနက် ၁၀၉ ဦးကို ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကယ်ထုတ်ထားပြီးဖြစ်သော်လည်း ကျန်ရှိနေသည့် ငါးဖမ်းသမား ၁၀၀ ကျော်က ကယ်ထုတ်မှုကို လက်ခံရန် ငြင်းဆန်နေကြဆဲဖြစ်ကြောင်း ရုရှား တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
၎င်းငါးဖမ်းသမားများမှာ ငါးတစ်ကောင်တလေမရမချင်း အဆိုပါရေခဲလွှာကို စွန့်ခွာနိုင်ဖွယ်မရှိသည့် အစွန်းရောက်ငါးဖမ်းဝါသနာအိုးများဖြစ်ကြကြောင်း ရုရှားတာဝန်ရှိသူများကပြောကြားထားသည်။
ရုရှားငါးဖမ်းဝါသနာအိုးများ သောင်တင်နေသည့် ရေခဲလွှာချပ်ကြီးသည် ဆာခါလင်ဒေသ ဒိုလင်ကာမြစ်၀မှတစ်ဆင့် စတင်မျောထွက်လာသောရေခဲလွှာချပ်ကြီးဖြစ်ပြီး ဒုအားဖြင့် ၁၀မီတာ (၃၃ပေ) အထိရှိကြောင်း ရုရှားအရေးပေါ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၏ အဆိုအရသိရသည်။
