11 w - Translate

#ပြည်တွင်းသတင်း
◾️ YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ တစ်ရာကျော်အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိဟုဆို
YBS ယာဉ်များပေါ်တွင် ခရီးသည်များထံမှ ပစ္စည်းများ ခါးပိုက်နှိုက်ခဲ့သူ တစ်ရာကျော်အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ တာဝန်ရှိသူထံမှသိရသည်။
ယခုနှစ် ဇန်နဝါရီ ၁၄ ရက် မှ ၃၁ ရက်အတွင်း YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ ၁၂၀ ဦး၊ဖုန်း ၂၈၂ လုံး၊အိတ် ၁၁ လုံး၊ ငွေသား ၁၀ သိန်း နှင့်အတူ သက်သေခံ ယာဉ်တစ်စီးတို့ကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်းစျေးသစ်ရှေ့တွင်တာဝန်ကျသည့် YRTC၏ စစ်ဆေးရေးဝန်ထမ်းနှစ်ဦးအား ခါးပိုက်နှိုက်အဖွဲ့မှ ၎င်းတို့အလုပ်လုပ်၍မရသဖြင့် အသက်အန္တရာယ်ကိုခြိမ်းခြောက်ခဲ့ကြောင်း၊ယင်းဖြစ်စဉ်အား YRTCမှ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတင်ပြတိုင်ကြားခဲ့ပြီး‌နောက် ဇန်နဝါရီ ၂၀ ရက် နှင့် ၃၀ ရက်တွင် အဆိုပါ ခြိမ်းခြောက်ခဲ့သူနှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ခါးပိုက်နှိုက် ကျား ၁၁၄ ဦး နဲ့ မ ၆ ဦး စုစုပေါင်း ၁၂၀ဦး ဖမ်းဆီးရမိခဲ့တာပါ။ YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်သတိပြုဖို့သတိပေးထားသလို CCTV တွေလည်းတပ်ထားတာကို အချောင်သမားတွေ သိစေချင်ပါတယ်။ YBS ယာဉ်လိုင်းကအစုံပါပဲ။အင်းစိန်မှာဆို အမှု ၃၀၊လှိုင်သာယာအနောက်ပိုင်းမှာ ၈၉မှု။ မြို့ထဲလိုင်းတွေမှာလည်းများပါတယ်။အများဆုံးကတော့ခုန မြို့နယ်ဘက်တွေပေါ့”ဟု ဦးလျန်ကျင့်မန်ကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်ခံရသူများ များပြားနေပြီး ဓားထောက်လုယက်ခြင်း နှင့် ရိုက်နှက်လုယက်ခံရသည့်ဖြစ်စဉ်များလည်း နေ့စဉ်နှင့်အမျှဖြစ်ပွားလျက်ရှိကြောင်း YBSစီးနင်းသူ ခရီးသွားပြည်သူများထံမှ သိရသည်။

image