EV တက္ကစီတွေနဲ့ ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို စတင်ပြေးဆွဲ

ဖေဖော်ဝါရီ ၁၂

EV တက္ကစီတွေနဲ့ ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို ယခု ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

"မော်လမြိုင်ကို EV တက္ကစီတွေ စရောက်လာပြီ။စင်းလုံးဌားရော၊တယောက်ချင်း၀န်ဆောင်မှုရောရတယ် ပြောတယ်။ရန်ကုန်-မော်လမြိုင်(တယောက်ကိုပရိုမိုးရှင်းဈေး ၂၅ဝဝဝ)လို့ သိရပါတယ်။သူက EV ကုမ္ပဏီနဲ့ ဒီက ယာဉ်ပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အကျိုးတူပြေးဆွဲတဲ့ ခရီးစဥ်လို့ သိရပါတယ်။အခုယာဉ်လိုင်းပြေးဆွဲတဲ့အထိမ်း အမှတ်အနေနဲ့ ခရီးသည်တယောက်ကို ဒစ်စကောင့်ကို ၅ဝ ရာခိုင်နှုန်း ပေးတယ်လို့ ပြောတယ်"လို့ မော်လမြိုင်မြို့ခံတယောက်က ပြောပါတယ်။

တံတားဖွင့်ချိန်၊လမ်းပိတ်ချိန်နဲ့ လမ်းအခြအနေတွေကြောင့် ရန်ကုန် - မော်လမြိုင်ခရီးစဉ်ကို ခရီးသည်တင် Express ကားကြီးတွေတောင် အချိန်နဲ့ ပြေးဆွဲနေရချိန်မှာယခုလို EV ကားတွေရောက်လာတော့တချို့ခရီးသည်တွေအတွက် အဆင်ပြေသွားစေပြီး ခရီးသည်တွေရဲ့အိမ်တိုင် ရာရောက် အကြို/အပို့ လုပ်ပေးတဲ့အစီအစဉ်လည်းပါဝင်တာသိရတယ်လို့ မော်လမြိုင် မြို့ခံတွေက ပြောပါတယ်။

"အဆင်ပြေတာပေါ့။ကိုယ့်ဆီအရောက်လာကြိုခိုင်းလို့ရသလို ကိုယ့်အိမ်ထိအရောက်လဲ ပို့ခိုင်းလို့ရမယ်။ရန်ကုန် - မော်လမြိုင် လမ်းတလျှောက်မြို့တွေမှာလဲ အကြောင်းအမျိုးမျိုးကြောင့် Express ကားတွေမမှီလိုက်ပဲ ပြန်ဖို့အခက်အခဲ ဖြစ်နေရင်လဲ ဒီလိုကားတွေကိုဖုန်းနဲ့ ချိတ်ဆက်ပြီး ပြန်လာလို့ရတာပေါ့။အရင်ကလဲ Probox တွေ ၊ အံစာတုံးတွေနဲ့ ပြေးတွဲတာ ရှိပေမဲ့ ဒီလိုမျိုး EV တက္ကစီတွေ ထပ်ပေါ်လာတော့ ကိုယ့်စိတ်ကြိုက် ၀န်ဆောင်မှုနဲ့ စီးလို့ရသလို ဒီလိုအပြိုင်အဆိုင်တွေ ပေါ်လာမှလဲ ကာစတန်မာတွေအတွက်ပိုပြီးအကျိုးဖြစ်စေမှာပါ"လို့ မော်လမြိုင်မြို့ခံ တယောက်က ထပ်လောင်း ပြောပြပါတယ်။

ယာဉ်လိုင်းကုမ္ပဏီဘက်ကတော့ မော်လမြိုင်-ရန်ကုန် ခရီးစဥ်အတွက် EV ကားသစ်၀န်ဆောင်မှုကိုစတင်ပေးနေပြီဖြစ်ပြီး Promotions ကာလကို (၉.၂.၂ဝ၂၅ ကနေ ၁၅.၂.၂ဝ၂၅) သတ်မှတ်ကာ အကျိုးခံစားခွင့် ၅ဝ ရာခိုင်နှုန်းအထိ ပေးနေပြီဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။

ခရီးစဉ်/အစအဆုံးသက်တောင့်သက်သာစီးနင်းလိုက်ပါနိုင်ခြင်း၊A/C ကို ခရီးအစအဆုံးရရှိခြင်း၊ဆူညံမှုကင်းဝေးကာသက်တောင့်သက်သာစီးနင်းနိုင်ခြင်း၊အိမ်တိုင် ရာရောက်ကြိုပို့ပေးခြင်း အစရှိသောဝန်ဆောင်မှုတွေလည်း ပေးနေပြီဖြစ်တယ်လို့ EV ယာဉ်လိုင်းကုမ္ပဏီဘက်က ပြောပါတယ်။

ရန်ကုန် - မော်လမြိုင် EV Taxi ဂိတ်ကို ရန်ကုန်မြို့မှာဆိုပါက သခင်မြပန်းခြံ၊ အထက်ကြည့်မြင်တိုင်လမ်း ဝင်ပေါက်မှာ သတ်မှတ်ထားပြီး မော်လမြိုင်မြို့မှာဆိုပါက အမှတ် (၄၁/က)၊ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာရပ်မှာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

"ယခု EV တက္ကစီယာဉ်လိုင်းစတင်ပြေးဆွဲခြင်း အထိမ်းအမှတ်အနေနဲ့ ပရိုးမိုရှင်းဈေးနဲ့ ပြေးဆွဲပေးနေပါတယ်။ပရိုမိုရှင်းပြီးလို့ ပုံမှန်ကာလဆိုရင် နောက်ခန်းက ၅ဝဝဝဝ ပါ၊ရှေ့ခန်းက ၆ဝဝဝဝ ပါ။ကြာချိန်က အခြားအိမ်စီးကားတွေအတိုင်းပါပဲ။လမ်းမှာလည်း ပုံမှန်ရပ်နေကျနေရာတွေမှာ ခရီးသည်တွေအတွက်ရပ်နားပေးပါတယ်။လမ်းမှာအားသွင်းတာမျိုးတော့မရှိပါဘူး။တိုက်ရိုက်ပဲမောင်းပေးမှာပါ"လို့ EV တက္ကစီဂိတ်က တာဝန်ရှိသူတယောက်က ဆက်လက် ပြောပြခဲ့ပါတယ်။ယခင် ၂ဝ၂၃ ခုနှစ်ကလည်း ပြင်ဦးလွင်မြို့မှာ EV Taxi ကားဂိတ်ဖွင့်လှစ်ပြီး ပြင်ဦးလွင် - မန္တလေး - မန္တလေးလေယာဉ်ကွင်း ခရီးစဉ်တွေကိုပြေးဆွဲပေးခဲ့တယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image