ဓါးစာခံတွေ စနေ့နေ့မှာ ပြန်မလွှတ်ရင် ဟားမတ်စ်နဲ့သဘောတူညီချက် အဆုံးသတ်ပြီး စစ်ဆင်ရေးပြန်စမယ်လို့ အစ္စရေး ခြိမ်းခြောက်

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၂

ဟားမတ်စ်တို့အနေနဲ့ လာမယ့်စနေနေ့မွန်းတည့်ချိန်မှာ ဓါးစာခံတွေကို ပြန်လွှတ်မပေးရင် အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ပြီး ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ပြန်လည်စတင်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးဖို့ကို ရွေ့ဆိုင်းကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာပြီးနောက် နေတန်ယာဟုက အခုလိုသတိပေးလိုက်တာဖြစ်ပြီး အစ္စရေးတပ်တွေကို ဂါဇာအတွင်းနဲ့ ဝန်းကျင်မှာ စုဝေးဖို့ အမိန့်ပေးထားပါတယ်။

ကျန်ရှိနေတဲ့ ဓါးစာခံ ၇၆ ယောက်စလုံးကို လွှတ်ပေးဖို့ တောင်းဆိုတာလား၊ စနေနေ့မှာ လွှတ်ပေးရမယ့် ဓါးစာခံသုံးယောက်ကိုလွှတ်ပေးရေးလား နေတန်ယာဟုက အသေးစိတ်မပြောပေမယ့် ဓါးစာခံအားလုံးကို ဆိုလိုတယ်လို့ အစိုးရဝန်ကြီးတယောက်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တာလို့ ဟားမတ်စ်တို့က စွပ်စွဲထားပါတယ်။ အခုလို ဓါးစာခံတွေပြန်လွှတ်ပေးရေး ရွှေ့ဆိုင်းမှုဟာ သဘောတူညီချက်ကို ဗြောင်ချိုးဖောက်လိုက်တာလို့ အစ္စရေးကလည်း ဆိုပါတယ်။

အရပ်သားတွေကို တိုက်ခိုက်တာ၊ အရေးကြီး လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ဆို့တာအပါအဝင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အစ္စရေးက ချိုးဖောက်ခဲ့တာလို့ ဟားမတ်စ်တို့က ဆိုပါတယ်။

ဟားမတ်စ်တို့က ဓါးစာခံတွေကို စနေနေ့မှာ ပြန်မလွှတ်ရင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လုံးလုံးလျားလျား ဖျက်သိမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်ကတော့ ဂါဇာကို လက်လွှဲရယူမယ်လို့ အခိုင်အမာပြောဆိုထားပြီး ဂျော်ဒန်ဘုရင်နဲ့တွေ့ဆုံချိန်မှာလည်း ဒီကိစ္စကို ထပ်မံပြောဆိုခဲ့ပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image