24 w - Translate

သင့်ကိုယ်သင် ဦးဆောင်သူအမျိုးသမီးအဖြစ်ခံယူထားရင် ဒီအချက်တွေသိဖို့လိုတယ်

၂၁ရာစုထဲမှာ ခေါင်းဆောင်နေရာဟာ အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ အရည်အချင်းရှိတဲ့လူတိုင်း ဦးဆောင်နိုင်တဲ့လူတိုင်းအတွက်ဆိုတာ သိလာကြတဲ့နောက် အမျိုးသမီးတွေဟာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လာကြပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေမှာ သွေးရင်သွေးသလောက် တောက်ပလာမယ့် အခွင့်အရေးရှိကြတဲ့အတွက် တစ်ချို့နယ်ပယ်တွေမှာဆိုရင် အမျိုးသမီးတွေက ခေါင်းဆောင်နေရာ ကို ယူထားနိုင်ကြပါပြီ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ အဲဒီလိုထူးချွန်ထက်မြက်ပြီး ခေါင်းဆောင်နေရာရောက်ဖို့ဆိုတာ တော်ရုံကြိုးစားမှုမျိုး၊ ပြင်ဆင်မှုမျိုးနဲ့တော့မရပါဘူး။

အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့်ပဲ လိုအပ်ချက်တွေကို သူများထက်ပိုပြီးပြင်ဆင်ဖို့လိုပါတယ်။ တကယ်လို့ သင့်ကိုယ်သင် အဲဒီလိုလုပ်ငန်းနယ်ပယ်တစ်ခုခုမှာပဲဖြစ်ဖြစ် အရာရာမှာဦးဆောင်နေရတဲ့ အမျိုးသမီးဘော့စ်တစ်ယောက်အဖြစ်ခံယူထားတယ်ဆိုရင်တော့ ဒီလိုပြင်ဆင်မှုတွေရှိဖို့လိုပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့လိုတယ်

သင်ဟာ ဦးဆောင်သူဖြစ်တဲ့အတွက် သူများတွေအတွက် စံနမူဖြစ်နေတော့မှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှ သူများကလည်း သင့်ကိုလေးစားတန်ဖိုးထားမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေရမယ်၊ ဂရုစိုက်ရမယ်၊ ကိုယ်လုပ်လိုက်တဲ့အပြုအမူကို အများကစောင့်ကြည့်နေတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့် အလုပ်မျိုးကိုမလုပ်မိဖို့ သတိထားတာက သင့်ကိုယ်သင်ချစ်ရာရောက်စေပါတယ်။

(၂) ကျန်းမာရေးလိုက်စားဖို့လိုတယ်

ကမ္ဘာကျော်စီးပွါးရေးလုပ်ငန်းရှင်တွေ၊ နာမည်ကျော်မင်းသားမင်းသမီးတွေ ဘာကြောင့် ကျန်းမာရေးကို တစ်ခုတ်တရလုပ်ပြီး လိုက်စားကြတယ်လို့သင်ထင်ပါသလဲ။ သူတို့ဟာ အလုပ်ကြိုးစားသူတွေ၊ ထူးချွန်ထက်မြက်သူတွေဖြစ်တဲ့အတွက် အမြဲကျန်းမာဖို့လိုပါတယ်။ ကျန်းမာမှ အလုပ်တွေပိုလုပ်နိုင်ပြီး သူတို့ရဲ့လုပ်ငန်းကို အမြဲမပြတ်စောင့်ကြည့်ထိန်းကျောင်းနိုင်မှာပါ။ ဥပမာ သင်ကကုမ္ပဏီကြီးတစ်ခုကိုဦးဆောင်နေရ တဲ့သူဆိုပါတော့ သင်ခဏခဏနေမကောင်းဖြစ်နေရင် သင့်ကုမ္ပဏီကိုသွားနိုင်မှာမဟုတ်သလို သင့်ရဲ့ဝန်ထမ်းတွေနဲ့လည်း ချိတ်ဆက်မိမှာမဟုတ်ပါဘူး။ ဘယ်လောက်ယုံကြည်စိတ်ချရပြီး လွှဲထားလို့ရတဲ့လူယုံပဲဖြစ်ပါစေ အဲဒီလူယုံဟာ သင်ကိုယ်တိုင်မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။

ဒါကြောင့် သင့်ကိုယ်သင် ဦးဆောင်သူ အမျိုးသမီးတစ်ယောက်လို့ခံယူထားတယ်ဆိုရင် ဘယ်လောက်အလုပ်များများ တစ်နေ့ကို တစ်နာရီခန့်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားအားကစားလုပ်သင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေလည်းစားဖို့မမေ့ပါနဲ့။

(၃) ဖက်ရှင်ပိုင်းမှာရင်းနှီးမြှုပ်နှံဖို့လိုတယ်

အမျိုးသမီးဖြစ်တဲ့အတွက် အလှအပနဲ့ဖက်ရှင်ကလည်း ချန်လှပ်ထားလို့မရပါဘူး။ သင်ဟာ သာမန်လူမဟုတ်ဘဲ ဦးဆောင်နေရတဲ့သူဖြစ်တဲ့အတွက် သင့်ရဲ့ဝတ်စားဆင်ယင်မှု၊ ဖက်ရှင်တို့ကလည်း သာမန်လူနဲ့တူလို့မရပါဘူး။ ဥပမာသင်ဟာ အစည်းအဝေးကို ပေ့ါပေါ့ပါးပါးတီရှပ်၊ ဘောင်းဘီနဲ့လာတာမသင့်တော်သလို သင့်ရဲ့ရာထူးဂုဏ်ပုဒ်ကို ထိခိုက်စေမယ့် ဝတ်စားဆင်ယင်မှုမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဈေးကြီးပေးရတဲ့ ဝတ်စုံဝတ်သင့်တဲ့နေရာမှာ မနှမြောသင့်သလို နေရာဒေသအလိုက် လိုက်ဖက်ညီမှုရှိပြီး သင့်ရဲ့ရာထူးဂုဏ်ပုဒ်ကိုပေါ်လွင်စေမယ့် ဖက်ရှင်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။

(၄) စာဖတ်ဖို့လိုတယ်
အောင်မြင်တဲ့လုပ်ငန်ရှင်အများစုက သူတို့ရဲ့အားလပ်ချိန်တွေကို စာဖတ်ခြင်းနဲ့ပဲ အချိန်ကုန်လေ့ရှိပါတယ်။ စိတ်ခွန်အားဖြည့်စာတွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်အားတင်းတယ်၊ အလုပ်နဲ့ဆိုင်တဲ့ ဗဟုသုတတွေရှာပြီး အလုပ်မှာအကျိုးရှိအောင် ပြန်ပြီးအသုံးချတယ်။ ရသစာပေတွေဖတ်တယ် စိတ်နှလုံးလှအောင်၊ သမာဓိအားကောင်းအောင်ကြိုးစားကြတယ်။ ဦးဆောင်သူတွေဟာ သူများထက် အစစအရာရာသာပြီး စံနမူနာဖြစ်ဖို့လိုပါတယ်။

သင်ဟာအမျိုးသမီး ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြဿနာတွေကို ပါးပါးနပ်နပ်ချဉ်းကပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့လိုသလို အမျိုးသမီးဖြစ်လို့ သွေးတိုးစမ်းချင်တဲ့လူတွေကိုလည်း စိတ်သမာဓိအားကောင်းကောင်းနဲ့ ပြန်လည်တုန့်ပြန်နိုင်ဖို့လိုပါတယ်။ ဒီလိုခွန်အားတွေကို အကျိုးရှိတဲ့စာပေတွေကနေ ရယူရမှာဖြစ်ပါတယ်။

(၅) ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုတယ်

ဦးဆောင်သူတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ သင့်မှာတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိဖို့လိုပါတယ်။ ဒါမှကိစ္စတိုင်းကို အစီအစဉ်တကျ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မှာပါ။ ရည်မှန်းချက်ပန်းတိုင်ထားပြီးပြီဆိုရင်တော့ အသေးစိတ်ကအစ ပြင်ဆင်ဖို့လည်းမမေ့ပါနဲ့။ ဥပမာ နေ့စဉ်မှတ်တမ်းပြုစုပြီး တစ်နေ့တာ သင့်ရဲ့လုပ်ဆောင်ချက်တွေရဲ့ ရလဒ်တွေကိုတိုင်းတာတာမျိုး၊ လအလိုက် နှစ်အလိုက် Target ထားပြီး လုပ်တာမျိုးတွေက သင့်ကို စမတ်ကျတဲ့ အမျိုးသမီး ဦးဆောင်သူတစ်ယောက်အဖြစ် အမြဲတမ်းပုံဖော်ပေးနေပါလိမ့်မယ်။

စာဖတ်ပရိသတ်တွေအတွက် အခုဖော်ပြပေးခဲ့အချက်တွေဟာ ဒီတိုင်းဖတ်ကြည့်ရင်တော့ မှန်တင်ခုံပေါ်အလှကြည့်ဖို့ တင်ထားတဲ့အလှကုန်ပစ္စည်းတွေလိုဖြစ်နေမှာဖြစ်ပြီး ကိုယ်တိုင်ပြင်ကြည့်တော့မှ မှန်ထဲမှာ လှပတဲ့သွင်ပြင်ကို မြင်ရသလိုမျိုး ဒီအချက်တွေကိုလည်း လက်တွေ့အသုံးချကြည့်မှ သင့်ကိုယ်တိုင် စမတ်ကျတဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာမှာဖြစ်ပါတယ်။

image