လုပ်စရာအလုပ် တန်းစီနေတဲ့သူတွေမှာ အားချိန်ဆိုတာ သိပ်မရှိဘူး။ အားချိန်မရှိရင် ပျင်းတာတို့၊ အဓိပ္ပာယ်မဲ့အတွေးတို့ဆိုတာလည်း မရှိသလောက်ဖြစ်သွားတယ်။
ကျွန်တော်တို့က အကျင့်ရှိတတ်တယ်။ အလုပ်ကမလုပ်ရသေးဘူး၊ ငါလေး ပင်ပန်းပါတယ်လေဆိုတာမျိုးက အရင်လာတာ။ ကိုယ့်ကိုယ့်ကိုယ် သိပ်ညှာတတ်ကြတာ။
လူမှာ ခန္ဓာကိုယ်ကို အလုပ်ပေးရင် ရုပ်ပိုင်းဆိုင်ရာကျန်းမာစေပြီး ဦးနှောက်ကိုအလုပ်ပေးရင်တော့ အာရုံစူးစိုက်မှုနဲ့ စဉ်းစားတွေးခေါ်မှု တိုးတက်စေတယ်။ လေ့ကျင့်ခန်းလုပ်သူနဲ့ မလုပ်သူ ဆယ်ကျော်သက်လောက်မှာ သိပ်မကွာဘူး။ ၃၀ ကျော်လောက်ဖြစ်လာပြီဆို သိသာလာပြီ။
လေ့ကျင့်ခန်းမလုပ်သူက လေးလံနှေးကွေးလာပြီး လေ့ကျင့်ခန်းလုပ်သူကတော့ ပေါ့ပါးသွက်လက်နေဆဲပဲ။
ကျွန်တော်သိတဲ့ဆရာတစ်ယောက်ဆိုရင် ဟောပြောပွဲနဲ့ သင်တန်းတွေလုပ်ရလွန်းတော့ PowerPoint အမြဲပြင်ဆင်ရတယ်။ သူ့ရဲ့ထူးခြားချက်တစ်ခုက ဟောပြောပွဲနဲ့ သင်တန်းမရှိလည်း အကြောင်းအရာတစ်ခုခုအတွက် PowerPoint နေ့တိုင်းပြင်တယ်တဲ့။ ဒီလိုပြင်ဆင်တဲ့အတွက် သူ့ကို စာဖတ်အား၊ လေ့လာအား၊ တွေးခေါ်နိုင်စွမ်းပိုအား ပိုကောင်းစေတယ်လို့ဆိုတယ်။
ဒါကြောင့်လည်း “မအားအောင် နေပါ” လို့ ပြောကြတာ။ အနည်းဆုံးတော့ အားလပ်ချိန်လေးတွေရရင် စာအုပ်တစ်အုပ်နဲ့ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အလုပ်ပေးထားတတ်ဖို့လိုတယ်။