25 w - Translate

နှစ်သစ်မှာကိုယ့်ကိုယ်ကိုတကယ်ပြောင်းလဲတော့မယ်ဆိုရင်

(1) တစ်ယောက်တည်းနေတတ်မှရမယ်

ဘဝဆိုတာအမြဲတမ်း Give & Takeပဲ။ ကိုယ်လိုချင်တာတစ်ခုအတွက် ကိုယ်ပြန်ပေးဆပ်ရမှာတွေလည်း ရှိတယ်။ အရင်လိုသူငယ်ချင်းတွေနဲ့ အမြဲအတူသွားအတူစား လုပ်လို့မရတော့ဘူး။ အချို့ Conversationတွေထဲ အမြဲပါချင်နေလို့မရတော့ဘူး။ ကိုယ့်အတွက်မသင့်တော်တဲ့ Energy တွေကို စွန့်ခွာရနိုင်ရပါမယ်။ လုပ်စရာရှိတာတွေလုပ်ဖို့ အချိန်ပေးရပါမယ်။

(2) ကိုယ်တိုင်ဆုံးဖြတ်ချက်ချရဲရမယ်

အွန်လိုင်းကနေ ပစ္စည်းလေးတစ်ခုဝယ်ဖို့ကို လူတွေအများကြီးနဲ့ လိုက်တိုင်ပင်မေးနေတုန်းပဲလား။ အလုပ်တွေလုပ်တော့မယ်ဆိုရင်ရော အမြဲလိုက်တိုင်ပင်နေဦးမှာပဲလား။ စာတွေဖတ်ပါ။ နည်းပညာတွေကိုလေ့လာပါ။ မိတ်ဆွေကောင်းတွေနဲ့ပေါင်းသင်းပါ။ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချပါ။ ကိုယ့်ဆုံးဖြတ်ချက်တွေကို ကိုယ်တာဝန်ယူပါ။

(3) အားနာတတ်လို့မရပါဘူး

ကျွန်တော်တို့တွေက ရှိတယ်၊ အလုပ်ကိစ္စဆို ထုတ်ပြောရမှာ ဝန်လေးတယ်၊ ငွေရေးကြေးရေးကိစ္စဆို အားနာတတ်တယ်။ ခုရှုပ်မှနောင်ရှင်း ဆိုသလိုပဲ အလုပ်ကိစ္စတွေမှာက တာဝန်ယူမှုတွေရှိတာမလို့ ပြောစရာရှင်းစရာတွေကို အပြုသဘောဆောင်တဲ့ဘက်ကနေ အားမနာဘဲပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။ အဆင်ပြေမှလုပ်ပါ။ အားနာလို့ခင်လို့ဆိုတာက နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည် မကောင်းပါဘူး။

(4) ရေရှည်ကိုကြည့်ပါ

အလုပ်တစ်ခါလုပ်ဖို့က လွယ်ပေမယ့် ရေရှည်အလုပ်ဖြစ်ဖို့က ရင်းနှီးရတာတွေလည်း ရှိသလို ကိုယ့်ဘက်က တွေးတောပေးရတာတွေလည်းအများကြီးပါ။ ပြီးပြီးရောမဟုတ်ဘဲ ရေရှည်အတွက်ကြည့်ပြီး ပိုမိုကောင်းမွန်တဲ့အစီအစဉ်တွေကို ချမှတ်ပါ။ ဉပမာ ဂျပန်ရောက်ပြီးရောမဟုတ်ဘဲ စာသေချာလေ့လာပြီးမှသွားတာမျိုးပေါ့။

(5) ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံပါ

အခုလိုအင်တာနက်ခေတ်ကြီးမှာ ခလုပ်တစ်ချက်နှိပ်တာနဲ့ ကိုယ်လေ့လာချင်တာအကုန်လေ့လာလို့ ရပေမယ့် ကျွန်တော်တို့ ဘာကြောင့်ပိုက်ဆံတွေထပ်အကုန်ခံပြီး သင်တန်းတွေတက်နေတာလဲဆိုတော့ တကယ်လုပ်ဖြစ်အောင်လို့ပါ။ အဲ့ဒါကြောင့် သင်တန်းတက်လို့ စာနည်းနည်းကျက်ဖြစ်မယ်ဆိုလည်း တန်ပါတယ်။ အချိန်ကုန်တာမြန်တဲ့အတွက် ကိုယ့်ကိုယ်ကို စာလုပ်ဖြစ်အောင် ဘယ်လိုနည်းနဲ့တိုက်တွန်းရ တိုက်တွန်းရ တိုက်တွန်းပေးပါ။

တစ်လောကလုံးနဲ့မတည့်လို့ရတယ်၊ ကိုယ့်ကိုယ်ကိုမုန်းနေလို့တော့မရပါဘူး။ ဘယ်သူ့အတွက် ဘယ်သူရှိတယ်ဆိုတာထက် ကိုယ့်အတွက်ကိုယ်ရှိတယ်ဆိုတဲ့ ခွန်အားက ဘာနဲ့မှမတူတာ။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ်ဂုဏ်ယူရတဲ့ ကိုယ်ဖြစ်အောင် ကိုယ့်ကိုယ်ကို ကြိုးစားပြလိုက်ပါနော်။