“ကျေးလက်ကမီးအိမ်ရှင်” ဇာတ်လမ်းတွဲမှာ တစ်ခါမှမရိုက်ဖူးတဲ့ ကျောင်းဆရာမလေး ခတ္တာမြင့်မောင်ကာရိုက်တာမို့ အရမ်းစိတ်လှုပ်ရှားပါတယ် ဆိုတဲ့ ယွန်းဝင့်လွှာအောင်

ဇန်နဝါရီ ၁၇

အလှမယ်လောကကတစ်ဆင့် သရုပ်‌ဆောင်လောကထဲရောက်ရှိလာတဲ့ သရုပ်ဆောင် ယွန်းဝင့်လွှာအောင်က “ကျေးလက်ကမီးအိမ်ရှင်” ဇာတ်လမ်းတွဲမှာ တစ်ခါမှမရိုက်ဖူးတဲ့ ကျောင်းဆရာမလေး ခတ္တာမြင့်မောင်ကာရိုက်တာမို့ အရမ်းစိတ်လှုပ်ရှားပါတယ်လို့ ဆိုပါတယ်။

“ကျေးလက်ကမီးအိမ်ရှင် ဇာတ်လမ်းတွဲမှာ ယွန်းကကျောင်းဆရာလေးရဲ့ဘေးမှာ လုပ်အားပေးနေတဲ့ ကျောင်းဆရာမလေး ခတ္တာမြင့်မောင်အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားက တစ်ခါမှမရိုက်ဖူးတဲ့ ကာရိုက်တာလေးဖြစ်တာကြောင့် အရမ်းလည်းစိတ်လှုပ်ရှားမိပါတယ်။ ယွန်းနဲ့ ဒီကာရိုက်တာလေးနဲ့ လိုက်ဖက်မယ်လို့လည်း ယုံကြည်ပါတယ်”လို့ သရုပ်ဆောင်ယွန်းဝင့်လွှာအောင်က ပြောပါတယ်။

ကံသာထုတ်လုပ်ရေးက စီစဉ်တဲ့ ရသစုံဇာတ်လမ်းပုံစံ ပါဝင်တဲ့ ဇာတ်လမ်းတွဲကို ဝတ္ထု ရွှန်းရမီမိုး၊ ဇာတ်လမ်းအခန်းနဲ့ ဇာတ်ညွှန်းပိုင်းကိုတော့ ခေတ်ရှေးညိုနဲ့ ကံသာတို့က ရေးသားသလို ဆဲဗင်းဒေးက ဇာတ်ညွှန်းပိုင်းပြင်ဆင်မွမ်းမံထားပြီး ဒါရိုက်တာ အောင်ဇော်လင်းက ဧရာဝတီတိုင်းဘက်က ဇလွန်မှာ သွားရောက်ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။

“ယွန်းက ဒီကားမှာ စာတော်တဲ့ကျောင်းသူတစ်ဦးဖြစ်ပေမယ့်လည်း အိမ်က စီးပွားရေးကြောင့် အထက်တန်းကျောင်းဆက်မတက်နိုင်ခဲ့ဘူးပေါ့နော်။ ကျောင်းဆရာမဖြစ်ဖို့က အိပ်မက်တစ်ခုဖြစ်ပြီးတော့ ဆရာလေးကို ရင်ခုန်မိကာ ချစ်မိသွားခဲ့တဲ့ သူလေးပေါ့” လို့ သူမက ဆက်ပြောပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ နေမင်း၊ ညိမ်းသော်၊ ကျော်ထက်၊ မင်းဟိဏ်း၊ ညီညီမင်းထက်၊ ဝေဖြိုး၊ အိချောပို၊ မေပန်းချီ၊ ယွန်းဝင့်လွှာအောင်၊ နှင်းဝတ်ရည်ကျော် စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။

“ကျေးလက်ကမီးအိမ်ရှင်” ဇာတ်လမ်းတွဲကို လာမယ့် ဇန်နဝါရီ ၂၂ ရက်မှာ Mahar Application က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image