သာဓုခေါ်ဆိုခွင့်စောင့်နေသောမိသားစု အပိုင်း(၅)
ဒါကြောင့်...ဒီအိမ်ကိုသူပြန်ရောင်းတော့မယ်တဲ့။ ဒီအိမ်ရောင်းထွက်သွားလဲစိတ်မပူနဲ့ တခြားနေရာမှာ ကိုယ်တို့နေဖို့ပြန်စီစဥ်ပေးမယ်တဲ့''
''အင်းပါ...ကိုယ့်သူဌေးအဆင်ပြေသလိုလုပ်ပါစေ''
''အိမ်ရောင်းတော့မှာဆိုတော့ အိမ်ဝယ်မဲ့သူတွေ ဒီရက်ပိုင်းလာကြည့်ကြလိမ့်မယ်။ ဘယ်သူပဲအိမ်လာကြည့်ကြည့် စျေးမေးခဲ့ရင်...သိန်း၂၅၀
လို့ပြောလိုက်။ စျေးစစ်တာဘာညာဆိုရင် ကိုယ့်သူဌေးဖုန်းကိုသာလှမ်းဆက်လိုက်နော်။ ကိုယ်အလုပ်သွားတော့မယ်''
''အင်းပါစိတ်ချ...ကိုယ်ဂရုစိုက်သွားဦးနော်''
အလုပ်ရှိရာကိုထွက်သွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ကျောပြင်ကိုငေးကြည့်ရင်း မချိုလည်း သက်ပြင်းကို ခပ်ပါးပါးလေးချလိုက်တော့တယ်။
အိမ်ကြီးနဲ့ပတ်သက်လို့ အိမ်မက်ပေးပြီးတဲ့နေ့ကစပြီး ခြောက်လှန့်မှုတွေမရှိတော့ဘူး။ ဒါပေမယ့်
ရံဖန်ရံခါတော့ တဒုန်းဒုန်းထုတဲ့အသံတွေ ကြားနေရသေးတယ်။
ပတ်ဝန်းကျင်ကတော့ မချိုတို့အိမ်ရှိရာကို ဘယ်သောအခါမှမလာဘူး။ အိမ်ကြီးရဲ့ခြောက်လှန့်မှုတွေကိုသိနေရတဲ့အတွက် ဝေးဝေးကရှောင်ကြတယ်။ ပတ်ဝန်းကျင်က ဒီအိမ်ကြီးကိုကြောက်မယ်ဆိုလည်း ကြောက်ချင်စရာ။ ဒီအိမ်ကြီးနဲ့ပတ်သက်ပြီး မချိုပြန်ကြားသိရတာက....
ညဖက်တွေဆို ဝရန်တာမှာလမ်းလျှောက်နေတာတွေ ၊ အိမ်ရှေ့ကဖြတ်သွားတဲ့သူတွေကို ရုပ်ပျက်ဆင်းပျက်ပုံပန်းသဏ္ဍာန်တွေနဲ့ ခြောက်လှန့်စနောက်တာတွေ ၊ အမဲသားချက်တဲ့နေ့ဆို ဝင်ပူးပြီးသောင်းကျန်းတာတွေ ၊ ပရိတ်ပဌာန်းရွတ်တဲ့နေ့ဆို ဝုန်းဒိုင်းကြဲအောင်အသံဗလံပေးတာတွေ ၊ သူတို့မကြိုက်တာတစ်ခုခုလုပ်မိရင်
အိပ်ရာဘေးမှာ လာရပ်ကြည့်နေတာတွေ ၊ ခြေထောက်ဆွဲချတာတွေ ၊ လည်ပင်းညှစ်တာတွေ စသဖြင့်စုံလို့ပေါ့။ ပတ်ဝန်းကျင်ကတော့ မချိုတို့မိသားစုကို တော်တော်သတ္တိကောင်းတယ်လို့ ပြောကြတယ်။
ဒီလိုနဲ့နေလာလိုက်တာ မချိုတို့မှာ နောက်ထပ်သမီးရတနာလေးတစ်ယောက် ထပ်မွေးဖွားလာခဲ့တယ်။ အိမ်ကြီးက အဲ့အချိန်ထိကိုရောင်းမထွက်သေးဘူး။ အိမ်ဝယ်မဲ့သူကလည်း ဒီအိမ်ကြီးထဲဝင်ကြည့်လိုက်တာနဲ့ ''ဟင်အင်း...မကြိုက်ဘူး... မကြိုက်ဘူး။ ဒီအိမ်ကြီးကိုကြည့်ရတာ စိတ်မသန့်ဘူး''စသဖြင့် ခေါင်းတွင်တွင်ခါလျက် လှည့်ပြန်သွားသူတွေများတယ်။
တစ်ရက်...
မချိုတို့အိမ်ရှိရာကို ယောက်ကျားဖြစ်သူရဲ့ညီ
မိန်းမခိုးပြေးလာခဲ့တယ်။ အဲ့ဒါကြောင့် အောက်ထပ်မှာထားဖို့အဆင်မပြေတာနဲ့ အပေါ်ထပ်ကအခန်းတစ်ခုမှာစီစဥ်ပေးလိုက်တယ်။ ယောက်ကျားရဲ့ညီနာမည်က ဖိုးလုံးတဲ့။ သူတို့က ညားခါစလင်မယားတွေဆိုတော့ တအားချစ်ကြတယ်။ အချစ်ဌက်လေးတွေ။ (အချိန်တွေကြာလာရင်တော့...ဘာဌက်လဲလို့မေးရင်...လဒလဒ
လို့ဖြေမလားမသိဘူး)
သူတို့က တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်မခံကြဘူး။ ထမင်းစားရေ
သောက်ချိန်ကလွဲလို့ အခန်းထဲကနေ အခန်းပြင်ကိုမထွက်ကြဘူး။
သူတို့စုံတွဲရောက်လာတဲ့နေ့ကစလို့ ထူးဆန်းတာတစ်ခုက လူမနေရဲအောင်အမျိုးမျိုးခြောက်လှန့်နေတတ်တဲ့ သရဲမိသားစုက တဒုန်းဒုန်းထု
သံတောင်မပေးတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြတာ။
ဒီလိုနဲ့ ဖိုးလုံးတို့စုံတွဲလည်း ပျားရည်ဆန်းအချစ်ခရီးကို အနှောက်အယှက်မရှိပဲ ၁၀ရက်ခန့် မချိုတို့အိမ်မှာဆင်နွဲသွားတယ်။ ထူးခြားတာတစ်ခုက ဖိုးလုံးတို့စုံတွဲအိမ်ကထွက်တော့ ခြံရှေ့ပဲရောက်သေးတယ် အပေါ်ထပ်ကနေ တဒုန်းဒုန်းထုနှက်တဲ့အသံတွေ ပြန်လည်ထွက်ပေါ်လာတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် မချိုလည်း နည်းနည်းတော့တင်းသွားတယ်။
ဒီလိုနဲ့ဧည့်သည်တွေပြန်သွားတော့ မချိုလည်းအိမ်ထဲပြန်ဝင်လာပြီး အပေါ်ထပ်ကိုမော့ကြည့်ကာ...
''အခုမှ...တဒုန်းဒုန်းထုမနေကြနဲ့။ ဧည့်သည်တွေရှိတုန်းက နင်တို့ဘာဖြစ်လို့ငြိမ်နေကြလဲ။ ဘာလဲ...ညားခါစလင်မယားစုံတွဲတွေဆိုတော့ သူတို့ဘာလုပ်လဲဆိုတာ နင်တို့ချောင်းကြည့်ပြီးခြောက်လှန့်ဖို့မေ့နေကြတာလား။ တကယ်ထဲ...
မပြောကိုမပြောလိုက်ချင်ဘူး။ စီးပွားရေးအဆင်မပြေလို့ စိတ်ညစ်နေပါတယ်ဆိုမှ ဧည့်သည်ကရောက်လာသေးတယ်''
မချိုစကားဆုံးတော့...
''ဒုန်း...ဒုန်း...ဒုန်း''ဆိုပြီး အပေါ်ထပ်ကနေအသံပြန်ပေးလေရဲ့။
ဒီလိုနဲ့ တစ်ညမှာတော့...
ခင်ပွန်းဖြစ်သူအလုပ်ကပြန်မလာသေးတဲ့အတွက် ကလေးတွေကိုပုံပြင်ပြောပြရင်းချော့သိပ့်နေတယ်။ အဒေါ်ဖြစ်သူကတော့ နေမကောင်းတာကြောင့် အစောကြီးအိပ်ရာဝင်သွားတယ်။
''ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...''
''ဒုန်း...ဒုန်း...ဒုန်း...''
ကလေးတွေကိုပုံပြင်ပြောပြမလို့ရှိသေး အပေါ်ထပ်ကထွက်ပေါ်လာတဲ့အသံကြောင့်...
''ဟဲ့...အပေါ်ထပ်ကဟာတွေ ဒီမှာကလေးတွေကိုပုံပြင်ပြောပြပြီးသိပ့်နေတာ...နင်တို့ကတဒုန်း
ဒုန်းထုနေမှတော့ ငါ့ကလေးတွေဘယ်လိုလုပ်ပြီးအိပ်တော့မလဲ''
မချိုလှမ်းအော်ပြောလိုက်တော့ အသံတိတ်တွေ
ခဏတိတ်သွားတယ်။ ဒါပေမယ့် ခဏအကြာမှာ တဒုန်းဒုန်းပြန်ထုလာပြန်တယ်။
အပေါ်ထပ်ကအသံတွေကြောင့် မချိုလည်းစိတ်မရှည်တော့ဘူး။ ဒါကြောင့် အသံများတိတ်သွားစေရန်ရည်ရွယ်ပြီး စိတ်ကူးထဲမှာရုတ်တရက်ပေါ်လာတာလေးကို လှမ်းအော်ပြောလိုက်တော့တယ်။
''ဟဲ့...နင်တို့တွေတဒုန်းဒုန်းထုမနေနဲ့။ နင်တို့ဘာဖြစ်ချင်နေတာလဲ။ နင်တို့တွေအခုလိုလုပ်နေမဲ့အစား ငါတို့ကိုပိုက်ဆံများများရအောင်လုပ်ပေးပါလား။ အဲ့ကြရင် ငါတို့လဲ နင်တို့အတွက်ကောင်းမှုကုသိုလ်တွေပြန်လုပ်ပေးမယ်။ သာဓုခေါ်ဆိုပြီး ဒီထက်မြင့်မြတ်တဲ့ဘုံဘဝကိုသွားကြပါလား။ နင်တို့လဲ ဒီဘဝမှာနေနေတာနှစ်တွေမနည်းတော့ဘူးလေ။ နင်တို့တွေ
မကျွတ်မလွတ်ချင်ကြဘူးလား။ ငါတို့ကိုသာ ပိုက်ဆံများများဝင်အောင်လုပ်ပေးဟာ။ နင်တို့အတွက် ကောင်းမှုကုသိုလ်ငါတကယ်ပြန်လုပ်ပေးပါမယ်။ ကတိပေးပါတယ်''
အပိုင်း(၆)ဆက်ရန်