ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ပထမဆုံးနည်းပြအလုပ်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့ အိုလီဂန်းနားဆိုးလ်ရှား
=======================
အိုလီဂန်းနားဆိုးလ်ရှားဟာ ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ပထမဆုံးနည်းပြအလုပ်ကို ရယူရန် လက်ခံလိုက်ပြီ ဖြစ်ပြီး ယခုရာသီအတွင်းမှာ အသင်းဟောင်းယူနိုက်တက်နှင့် ပြန်လည်ရင်ဆိုင်လာရနိုင်ခြေ ရှိနေပါတယ်။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဘောလုံးလောကနှင့်ဝေးကွာလာခဲ့တာပါ။
သူဟာ ၂၀၁၈-၁၉ ရာသီမှာ မော်ရင်ဟို ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ခန်အပ်ခြင်းခံခဲ့ရပါတယ်။သူဟာ ယူနိုက်တက်အား ၁၉ ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ ၁၄ ပွဲအထိ ရယူနိုင်ခဲ့ပြီးတဲ့နောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ ယူနိုက်တက်ကို ကိုင်တယ်စဉ်အတွင်း ရလဒ်ဆိုးရွားသထက် ဆိုးရွားလာမှုနှင့်အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်များစွာတို့ရဲ့ ဆက်သွယ်မှု ရခဲ့ပေမဲ့လည်း လက်မခံခဲ့ပါဘူး။ ယခုအခါမှာတော့ ဆိုးလ်ရှားဟာ တူရကီထိပ်သီးကလပ် ဘီဆစ်တပ်ကို ကိုင်တွယ်လာတော့မှာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ စနေနေ့မှာ ဆမ်ဆန်စပေါ်နှင့် ရင်ဆိုင်ကစားရတဲ့ ဘီဆစ်တပ်ရဲ့ပွဲကို ကိုယ်တိုင် လာရောက်ကြည့်ရှုသွားဖို့ ရှိနေပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ ဘီလ်ဘာအိုနှင့် ယူရိုပါလိဂ်ပွဲစဉ်ကို စတင်ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။
တူရကီထိပ်သီးကလပ်ဟာ ယူရိုပါလိဂ် အဖွင့်ပွဲ ၆ ပွဲမှာ ၂ပွဲတည်းသာ အနိုင်ရထားပြီး အဆင့် ၂၈ မှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်မှာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်နိုင်မဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ဘီဆစ်တပ်ဟာ နိုဝင်ဘာလတုန်းက ဂျီယိုဗန်နီဗန်ဘရွန်ခရော့စ်ကို ထုတ်ပယ်လိုက်ပြီးတဲ့နောက် အမြဲတမ်းနည်းပြခန့်အပ်ခြင်းမရှိဘဲ ယာယီနည်းပြဆာဒါတော့ရက်တီပီအား အသင်းအား ဦးဆောင်လာစေခဲ့တာပါ။
အသက် ၅၁ နှစ်ရှိ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်၊ ယူနိုက်တက်တို့ကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဘီဆစ်တပ်က သူ့ရဲ့ စတုတ္ထမြောက်ကလပ် ဖြစ်လာပါမယ်။