3 w - Translate

စပါးလင်

စပါးလင် (Cymbopogon) သည် အာရှတိုက်၊ အာဖရိကတိုက်၊ ဩစတြေးလျတိုက်တွင် ပေါက်သော မြက်ပင်မျိုးနွယ်ဝင် အပင်တစ်မျိုးဖြစ်၏။စပါးလင်ပင်သည် အပွင့် ပွင့်ခဲသည်။ အများအားဖြင့် စပါးလင်ကို ဟင်းလျာများ အနံ့ကောင်းစေရန် အသုံးပြုကြ၏။ ဆေးဝါးအဖြစ်လည်း အသုံးပြုကြသည်။ အစာကြေစေရန်အတွက်၎င်း၊ ချွေးထွက်စေရန်အတွက်၎င်း အတွင်းဆေးအဖြစ် စားသုံးကြ၏။
အရိုင်းပေါက်နေသော စပါးလင်ပင်များကိုလည်း တွေ့ရတတ်သည်။ ဤစပါးလင်မျိုးမှ စီထရိုနယ်လာဆီ(စပါးလင်ဆီ)ကိ ထုတ်ယူကြ၏။ ထိုအဆီကို အမွှေးအကြိုင် ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အစာကြေစေရန်အတွက် ဆေးအဖြစ် အသုံးပြုကြ၏။ ထိုစပါးလင်ဆီကို ဗယ်စလင်နှင့်ရော၍ အရေပြားပေါ်၌ သုတ်ထားလျှင် ခြင်အကိုက်သက်သာသည်။
စပါးလင်ပင်များကို ရေမဝပ်နိုင်သောနုံးမြေများတွင် စိုက်ပျိုးလေ့ရှိကြ၏။ မြန်မာနိုင်ငံ အောက်ပိုင်း၌ စိုက်ပျိုးရန် သင့်တော်သည်။ စိုက်ပျိုးရာ၌ မြေကို နွေအခါကထွန်ယက်၍ မိုးကျမှ စိုက်ပျိုးကြသည်။ စိုက်သောအခါ အတက်များကို ထိပ်ဖြတ်ပြီးနောက် အတန်းလိုက် စိုက်ကြသည်။ တစ်တန်းနှင့် တစ်တန်းကို ၃ ပေစီခွာ၍၎င်း၊ တစ်ပင်နှင့်တစ်ပင်ကို ၂ ပေစီခွာ၍၎င်း စိုက်ပျိုးတတ်ကြသည်။ စပါးလင်သည် မြေသစ်၌ ဖြစ်ထွန်းလေ့ရှိရာ မြေဩဇာထည့်ပေးရန် မလိုချေ။ ခြံမြေ၌စိုက်လျှင် နောက်ချေးဆွေး ထည့်ပေးရန် လိုသည်။ ပေါင်းသင်ပေးခြင်း မှတပါး စပါးလင်ကို အထူးတလည် ဂရုစိုက်ရန် မလိုပေ။ စပါးလင်ပင်သည် သုံးလေးနှစ်ခံသည်။

#crd

image