ဗဟိုဘဏ်မှ ဒေါ်လာ (၂၅)သန်း ထပ်မံထုတ်ရောင်းပေးခဲ့
ယမန်နေ့ ဇန်နဝါရီ (၁၅) ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ (၂၅) သန်း ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ယခု ဇန်နဝါရီနှစ်ဆန်းပိုင်းမှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တက်ရိပ်ပြလာခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် နှစ်ပတ်ဆက်တိုက် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့သည်။
ထိုကဲ့သို့ ရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီလ (၂) ရက်မှ (၁၅) ရက်အထိ နှစ်ပတ်အတွင်း ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် (၅ ဒသမ ၈၈၅) သန်းနှင့် တရုတ်ယွမ် (၃ ဒသမ ၄၈၃) သန်း ထုတ်ရောင်းပေးထား သည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားသည့်အပြင် ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ(၁)ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။