ရန်ကုန်မြို့တွင် Taxi ယာဉ်မောင်းတစ်ဦး ယာဉ်ပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးမှုဖြစ်ပွား

ဇန်နဝါရီ ၁၆

ဇန်နဝါရီလ ၁၅ ရက် ည ၈ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇယျာသီရိရပ်ကွက်၊ ဇေယျာသီရိ (၆) လမ်းထိပ်နှင့် ပေ ၈၀ လမ်းမပေါ်တွင် Taxi ယာဉ်မောင်းတစ်ဦး ယာဉ်ပေါ်တွင် ဓားဒဏ်ရာ များဖြင့် သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ထိုဓားဒဏ်ရာများရရှိသည့် Taxi ယာဉ်မောင်းမှာ လည်ပင်းကို ပုဆိုးဖြင့်ချီနှောင်ပြီး ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ်၊ ဇေယျာသီရိ (၉) လမ်းသို့ မောင်းနှင်လာစဉ်အတွင်း ဇေယျာသီရိ (၆) လမ်းထိပ်တွင် အိမ်စီးယာဉ်တစ်စီးကို တိုက်မိခဲ့ကြောင်း သိရသည်။

“ရဲတွေလည်းရောက်လာတယ်။ အကြမ်းဖျဉ်းသုံးသပ်ချက်ကတော့ မိန်းမလျာတစ်ယောက်က လုပ်တယ် လို့တော့ စစ်ဆေးတွေ့ရှိတယ်။ အဲ့ယာဉ်မောင်းက လည်ပင်းမှာ ဒဏ်ရာရတော့ ပုဆိုးနဲ့လည်ပင်းကိုပတ်ပြီး သူ့အိမ်ကိုမောင်းလာတာ။ သူ့အိမ်မရောက်ခင် ကားတစ်စီးရဲ့နောက်ဖင်ကို တိုက်မိမှ အဲ့နားကလူတွေက ကားတိုက်တယ်ဆိုပြီးထွက်ကြည့်တာ။ အဲ့မှာ သူကအသက်မရှိတော့ဘူး။ သူက (၃၀) ကျော်လောက်ရှိတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောသည်။

ထိုဓားထိုးခံရမှုကြောင့် လည်ပင်းနှင့် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image