“ဒုက္ခတွေကို Normalize လုပ်ပါ”
ဆိုးရွားတဲ့ အဖြစ်အပျက်တွေဟာ ခွဲခြားဆက်ဆံမှု မရှိပါဘူးတဲ့။
ဒါဟာ စိတ်ဓါတ်ကြံ့ခိုင်မှုကို တည်ဆောက်ရာမှာ သိပ်အရေးကြီးတဲ့ ရှုမြင်မှု ဖြစ်တယ်။
🔳 မိုင်တိုင် ၁၀၀ ကို ရောက်နေပေမဲ့ မိုင် ၉၀ လောက်က စခဲ့ရသူနဲ့၊ ခုမှ ၁၅ မိုင်လောက်ပဲ ရှိသေးပေမဲ့ သုညကနေ စခဲ့ရသူနဲ့တော့ မတူနိုင်ဘူး မဟုတ်လား။
Self-esteem ကို တည်ဆောက်တဲ့အခါမှာ ရောက်နေတဲ့ နေရာထက် ဖြတ်ခဲ့ပြီးတဲ့ မိုင်တိုင်အရေအတွက်ကို ထည့်စဉ်းစားဖို့ကလည်း သိပ်အရေးကြီးပါတယ်။ တာထွက်မှတ်တွေ မတူတဲ့အတွက် အားစိုက်ထုတ်ခဲ့ရတာချင်းလည်း မတူနိုင်လို့ပါ။
ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားပြီး တင်းတိမ်ရောင့်ရဲနေဖို့တော့ မဟုတ်ပါဘူး။ သို့သော် သူများတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေတာများ ရှိခဲ့ရင်၊ သိပ်များနေခဲ့ရင်တော့ ပြန်ဆင်ခြင်ကြည့်စေချင်ပါတယ်။
🔳 ဒါကြောင့် စိတ်ဓါတ်ကြံ့ခိုင်မှု (Resilience) မြင့်မားတဲ့သူတွေမှာ တွေ့ရတတ်တဲ့ စရိုက်လက္ခဏာတစ်ခုက -
“Why me? အစား Why not me? လို့ တွေးတတ်ကြတာပဲ” လို့ ဆိုပါတယ်။
ဘာလို့ ငါ့ကျမှ ဒီလိုလာဖြစ်နေရတာလဲ လို့ တွေးမဲ့အစား "ဒီလိုတွေ မကြုံရအောင်၊ ဒီအခက်အခဲတွေကနေ ကင်းလွတ်ခွင့်ရရအောင် ငါကရော ဘာမို့လို့လဲ" လို့ တွေးလိုက်စေချင်တယ်။
စိတ်မှာ ခွန်အားတွေ ပြည့်လာလိမ့်မယ်။ ဒုက္ခတွေက သာမန်လို ဖြစ်လာလိမ့်မယ်။ ဒရမ်မာတွေ သိပ်မခင်းမိ၊ ကိုယ့်ကိုယ်ကိုယ်လည်း သားကောင်လို မမြင်မိတော့ဘဲ ဒီအခြေအနေကို လွန်မြောက်ဖို့ ဘာတွေ လုပ်ရမလဲ ဆိုတဲ့ စဉ်းစားမှုမျိုးတွေ လုပ်နိုင်လာမှာ ဖြစ်ပါတယ်။
🔳 တကယ်တော့ ဘာမှကြီး အထူးတဆန်း မဟုတ်ပါဘူး။ လောကဓံ ဆိုတာ ‘လောကဓမ္မ’ ဆိုတဲ့ စကားလုံးကနေ လာတာလို့ မှတ်သားဖူးပါတယ်။ ပြောချင်တာက သဘာဝတွေပါပဲ။
ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း၊ လာဘ်လာဘ ပေါခြင်း၊ လာဘ်လာဘ နည်းခြင်းတို့ကို ကြုံဖူးတာ ခင်ဗျားတစ်ယောက်တည်း မဟုတ်သလို၊ ကျွန်တော်တစ်ယောက်တည်းလည်း မဟုတ်ဘူး။
ပစ္စည်းဥစ္စာတွေ ဆုံးရှုံးဖူးတာ၊ ချစ်ရခင်ရသူတွေနဲ့ သေကွဲ သို့မဟုတ် ရှင်ကွဲ ကွဲဖူးတာ၊ ရောဂါဝေဒနာ တစ်ခုခု ခံစားနေရတာ၊ ဒါတွေ ကြုံဖူး၊ ကြုံနေရတာလည်း မင်းတစ်ယောက်တည်း မဟုတ်သလို၊ ငါတစ်ယောက်တည်းလည်း မဟုတ်ဘူး။
အချိန်အခါနဲ့ အတိမ်အနက်ချင်းပဲ ကွာကြတာ ဖြစ်ပါတယ်။
🔳 ငယ်ငယ်ကတော့ Motivation တွေကို သဘောကျပါတယ်။ ၇ ကြိမ်လဲရင် ၈ ကြိမ်ပြန်ထ၊ You can do it. ဒီလိုစကားတွေကို နှစ်သက်ဖူးတယ်။ သူများတွေကိုလည်း ပြောခဲ့ဖူးတယ်။
ဒီအသက်အရွယ်မှာတော့ “သဘာဝတရားတွေပဲ” ဆိုတဲ့ နှလုံးသွင်းမှုဘက်ကို ပိုရောက်လာတယ်။ စိတ်ဓါတ်တက်ကြွတာလို ဝုန်းဒိုင်းနဲ့တော့ တောက်လောင်မနေဘူး။ သို့သော် အတင်းကြီး သန်မာရ၊ လုပ်ယူနေရတာမျိုး မဟုတ်တော့ဘဲ ပိုပြီး လက်ခံနိုင်လာတယ်။ တည်ငြိမ်လာတယ်။ အတက်အကျ နည်းပြီး ပိုပြီးလည်း ရင်ဆိုင်နိုင်စွမ်းရှိတယ် ခံစားရပါတယ်။
🔳 ဒါကြောင့်ပဲ ဒုက္ခတွေကို Normalize လုပ်စေချင်တာပါ။ ဘယ်သူ့ကိုမှ ခွဲခြားပြီး ကင်းလွတ်ခွင့်ပေးမှာ မဟုတ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်လိုက်စေချင်ပါတယ်။
ကြုံရင် ကြုံတယ်ပေါ့။ ငိုချင်ရင် ငိုလိုက်ပေါ့။ ပြီးတဲ့အခါ ရင်ဆိုင်စရာရှိတာ ရင်ဆိုင်၊ ကျော်ဖြတ်စရာရှိတာ ကျော်ဖြတ်ပေါ့။
🔳 တစ်ခါထက်တစ်ခါ ပိုသန်မာလာတဲ့ ကိုယ့်ကိုယ်ကိုယ် မြင်လာရမှာကိုက ဒုက္ခဆိုတဲ့ Mental Trainer ကြီးက ပေးတဲ့ အလှတရားတစ်ခုပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၂၁.၃.၂၀၂၄