16 ပတ် - ဘာသာပြန်ပါ။

အဲဗာတန်ကို ပြန်လည်ကိုင်တွယ်ဖို့ ဒေးဗစ်မိုယက်စ်နီးစပ်

ဇန်နဝါရီ ၁၁

ဒေးဗစ်မိုယက်စ်ဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြရှောင်ဒိုက်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး အသင်းဟောင်း အဲဗာတန်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ နီးစပ်နေပြီလို့ ESPN က ဖော်ပြထားပါတယ်။

ဒေးဗစ်မိုယက်စ်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့အတွက် ၁၁ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အဲဗာတန်အသင်း ကနေ ၂၀၁၃ ခုနှစ်က ထွက်ခွာခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီအကုန်က ဝက်စ်ဟမ်းအသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတဲ့ ဒေးဗစ်မိုယက်စ်ဟာ အဲဗာတန်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ်။

အဲဗာတန်အသင်း နည်းပြရာထူးအတွက် ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုလည်း သတင်း ထွက်ခဲ့ပေမယ့် သူဟာ မာဆေးဆိုက်ကလပ်ရဲ့ နည်းပြသစ်စာရင်းထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။

အဲဗာတန်အသင်းကို Friedkin Group က ဒီဇင်ဘာ ၁၉ ရက်မှာ လွှဲပြောင်း ရယူပြီးနောက် အသင်းကို ပြောင်းလဲမှု တွေ ပြုလုပ်တဲ့အနေနဲ့ FA ဖလားပွဲစဉ် မတိုင်ခင်မှာ နည်းပြရှောင်ဒိုက်ကို ထုတ်ပယ်ခဲ့တာပါ။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကို သရေကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပါတယ်။

ဒါအပြင် အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်ကာ တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၁ မှတ်သာ ကွာဟတော့တာပါ။

အဲဒါကြောင့် Friedkin Group ဟာ အဲဗာတန်အသင်း တန်းဆင်းဇုန်ထဲ မကျရောက်စေဖို့အတွက် နည်းပြ ရှောင်ဒိုက်ကို ထုတ်ပယ်ပြီး အဲဗာတန် ယူ-၁၈ အသင်းနည်းပြ လေတန်ဘိန်းစ်နဲ့ အသင်းခေါင်းဆောင် ကိုးလ်မန်း တို့ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။

သူတို့နှစ်ဦးဟာ အဲဗာတန်အသင်းက ပီတာဘရော့ အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်ကို ကိုင်တွယ်ခဲ့တာပါ။

အဲဗာတန်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဒေးဗစ်မိုယက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဒေးဗစ်မိုယက်စ်ကိုတွေ့ရစဉ်

#centralnewsnaypyitaw

image