မန္တလာမင်းယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို လက်နက်ကိုင်အဖွဲ့ဖမ်းဆီးမှု စုံစမ်းစစ်ဆေးနေ
ဇန်နဝါရီ ၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ မန္တလာမင်း ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ဖမ်းဆီးခံရမှု ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှ စစ်ဆေးဆောင်ရွက်နေတယ်လို့ မန္တလာမင်းအဆင့်မြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်၊ ညနေ ၅ နာရီဝန်းကျင်က မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်ကို မောင်းနှင်လာတဲ့ မန္တလာမင်း ခရီးသည်တင်မှန်လုံယာဉ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ရောင်းဒေါင်းကျေးရွာအနီး မုဒုံ - သံဖြူဇရပ် ကားလမ်းပေါ်မှာ တားဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီဖြစ်စဉ်ကတော့ မှန်ပါတယ်။ အခုလောလောဆယ်တော့ မွန်ပြည်နယ် စစ်တိုင်းဌာနက စစ်ဆေးဆောင်ရွက်နေပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကားသမားတွေ အခြေအနေတော့ မသိရသေးပါဘူး” လို့ မန္တလာမင်းယာဉ်လိုင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ရဲ့ သတင်းကို လက်ရှိအချိန်အထိ မကြားသိရသေးသလို မည်သည့် လက်နက်ကိုင်အဖွဲ့က ဘယ်လိုအကြောင်းအရာကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားတယ် ဆိုတာကိုလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့ဟာ ရောင်းဒေါင်းကျေးရွာအနီး မုဒုံ - သံဖြူဇရပ် ကားလမ်းပေါ်မှာ ယာဉ်ကို စစ်ဆေးခဲ့ပြီးနောက် ခရီးသည်တွေကို ကားပေါ်ကဆင်းခိုင်းကာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့နဲ့အတူ ခရီးသည်တင်ယာဉ်ကို ကွမ်လှာကျေးရွာဘက်ကို မောင်းနှင်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကိုင်အဖွဲ့က ယူနီဖောင်းတွေတော့ ဝတ်ထားတယ်။ ခရီးသည်တွေအကုန် ဆင်းခိုင်းပြီး ကားသမားတွေကိုပဲ ခေါ်သွားတာ။ ကားပြန်တွေ့တော့လည်း ပစ္စည်းတွေအကုန်လုံးက ဒီအတိုင်းပဲ။ ဘာတခုမှကို ယူမသွားဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီခရီးသည်ယာဉ်မှာ GPS ပါတဲ့အတွက် ကားကိုရှာကြည့်ကြတဲ့အခါ ကွမ်လှာကျေးရွာရှိ သုဿာန်အနီးမှာ တွေ့ရှိရတာကြောင့် ဇန်နဝါရီ ၆ ရက်၊ မနက် ၁ နာရီဝန်းကျင်မှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းခဲ့ပြီး ခရီးသည်တင်ယာဉ်ကို မုဒုံမြို့မရဲစခန်းကို မောင်းနှင် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကားအတွင်းရှိ ခရီးသည်တွေရဲ့ ကုန်ပစ္စည်းတွေကိုတော့ သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မန္တလာမင်း ခရီးသည်တင်ယာဉ်ပေါ်မှာ စာရင်းအရ သံဖြူဇရပ်မြို့ကို လိုက်ပါလာတဲ့ ခရီးသည် ရှစ်ယောက်နဲ့ လမ်းကနေ တက်လာတဲ့ ခရီးသည် နှစ်ယောက်၊ စုစုပေါင်း ၁၀ ယောက်ခန့် လိုက်ပါလာတယ်လို့ သိရပါတယ်။
Photo:CJ
Credit - Myanmar Voice News Agency
#သတင်းဟင်းလေးအိုးကြီး

