လျှပ်စစ်မီးဂယက်ကြောင့် ဖယောင်းတိုင်တွေ ဈေးတက်လာသလို ရောင်းအားပါမြင့်တက်လာဟုဆို
ဇန်နဝါရီ ၈
လျှပ်စစ်မီးပြဿနာကြောင့် ယခုရက်ပိုင်းအတွင်းမှာ ဖယောင်းတိုင်တွေ ဈေးနှုန်းမြင့်တက်လာသလို ရောင်းအားတွေလည်း ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့တယ်လို့ ဖယောင်းတိုင်ထုတ်လုပ်တဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
ယခင်က အခါကြီး ရက်ကြီးတွေနဲ့ လပြည့်မတိုင်ခင် အဖိတ်နေ့တွေမှာသာ ရောင်းအားအနည်းငယ်တက်ခဲ့ပေမယ့် ယခုအခါမှာတော့ ပစ္စည်းလက်ကျန်ပြတ်တဲ့အထိ ရောင်းအားမြင့်တက်လာ ဈေးနှုန်းတွေကလည်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
❝ဖယောင်းတိုင်ဈေးတွေကတော့ အကုန်တက်တာပဲ။ တက်တာမှ အရင်ကဆိုရင် ခြောက်တိုင်ပါတစ်ထုပ်ကို ၁၂၀၀ နဲ့ဝယ်ခဲ့ရာကနေ နောက်တော့ ၁၈၀၀ ဖြစ်သွားတယ်။ အခုဆိုရင် အဲဒီ ၁၈၀၀ တန်က ၂၄၀၀ ဖြစ်သွားပြီ။ ဒီရက်ပိုင်းမီးပျက်တဲ့အချိန်များလာတော့ အားသွင်းမီးလုံးတွေလည်းသွင်းဖို့ အဆင်မပြေတော့ဘူး။ အဲ့တော့ ဖယောင်းတိုင်ပဲ အားကိုးရတော့တာပေါ့။❞ လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ယခုလို ဖယောင်းတိုင်စျေးကွက်အတွင်း ရောင်းအားသိသာစွာမြင့်တက်လာသလိုပဲ ဖယောင်းတိုင်ထုတ်လုပ်တဲ့ ကုန်ကြမ်းစျေးနှုန်းတွေနဲ့ သယ်ယူစရိတ်တွေပါ မြင့်တက်မှုကြောင့် ထုတ်လုပ်လိုက်တဲ့ ကုန်ချောပစ္စည်းတွေကလည်း စျေးနှုန်းတွေ လိုက်ပါမြင့်တက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
