ကံပိုင်တည် နယ်စပ်ဂိတ်ကနေ မြန်မာကုန်တင်ကားတွေနဲ့ ကုန်ပို့ခွင့်မပြုလို့ ကားပိုင်ရှင်တွေ အခက်အခဲကြုံ

ဇန်နဝါရီ ၈

ကချင်ပြည်နယ်၊ ကံပိုင်တည် မြန်မာ - တရုတ်နယ်စပ်ဂိတ် ကနေ မြန်မာကုန်တင် ကားတွေနဲ့ ကုန်တင်ပို့ခွင့်မပြုလို့ မြန်မာကုန်တင် ကားပိုင်ရှင်တွေ အခက်အခဲ ကြုံနေရကြောင်း နယ်စပ် ကုန်တင် ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။

အခုက မြန်မာဘက်ခြမ်းက တစ်သျှူး ငှက်ပျောတွေကို အကုန်လုံး တရုတ်ပြည်က ကားတွေပဲ လာတင်တော့တာ။ ဗမာပြည်က ကားတွေ တစီးမှ မတင်ရတော့ဘူး။ လို့ နယ်စပ် ကုန်သည် ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။

နယ်စပ် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ မြန်မာကားတွေကိုလည်း သုံးပေးဖို့ ညှိနှိုင်းစေချင်တယ်လို့ သူက ပြောပါတယ်။

ပုံမှန် တရုတ်ဘက် တစ်သျှူး ငှက်ပျော တင်ပို့ရာမှာ တင်နေကျ မြန်မာ ကားတွေ အကုန်လုံး အလုပ်မဖြစ်တော့ အခက်အခဲ ဖြစ်သွား ကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူဆယ်ခရိုင် အတွင်းက နယ်စပ် ဂိတ်တွေမှာလည်း ၁၀၂၇ စစ်ဆင်ရေး မဖြစ်ခင် ကတည်းက ကြံတင်ရာမှာ တရုတ် ကုန် ကားတွေကိုသာ သုံးခွင့် ပြုတယ်လို့ နယ်စပ် ကြံလုပ်ငန်း ရှင် တယောက်က ပြောပါတယ်။

ကိုဗစ် ကာလ အပြီး တိုက်ပွဲ မဖြစ်ခင် ကတည်းက ကျနော်တို့ ဒီ မုံးကိုး၊ ဖောင်းဆိုင် ဘက်ကနေ ကြံတင်တာကို ကျနော်တို့ဘက်က ကားတွေ မသုံးပါဘူး။ တရုတ်ကုမ္ပဏီက ကားတွေပဲ သုံးပါတယ်။ ဆီတွေရော သူတို့ဘက်က ဖြည့်ပြီး သော့ခတ်ထားတာပါ လို့ သူက ပြောပါတယ်။

အဲဒီ ကြံကားတွေကိုတော့ မုံးကိုး - မန်ဟိုင်း၊ ဖောင်းဆိုင် ရေပူ မြန်မာ ဘက်ခြမ်း နယ်စပ်အထိ မြန်မာ ယာဉ်မောင်းတွေမောင်းပြီး နယ်စပ် ဂိတ်ဝမှာ တရုတ် ယာဉ်မောင်းတွေ ပြန်လာ မောင်းယူတယ်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ်တွေ ဖွင့်ပေမယ့် တရုတ်ဘက် နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံထားတဲ့ တစ်သျှူးငှက်ပျော၊ ကြံနဲ့ တရုတ်ဘက်က လိုအပ်နေတဲ့ ပြောင်း၊ နှမ်း၊ မီးသွေား စတဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေသာ တင်ပို့လို့ရပြီး မူဆယ် ဆင်ဖြူ ဂိတ်ကလွဲရင် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေမှာ တရုတ် ဘက်က သွင်းကြံမရှိဘူးလို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

မူဆယ် ဆင်ဖြူဂိတ် ကနေတော့ မူဆယ် မြို့တွင်းအတွက် မီးဖိုချောင်သုံး စားသောက်ကုန်တွေကို မြန်မာ လိုင်စင်ရှိကားလေးတွေနဲ့ လိုင်စင် ဆိုင်ကယ်တွေကို အကန့်အသတ်နဲ့ တင်သွင်းခွင့် ပြုထားပါတယ်။

မြန်မာနိုင်ငံဘက်က ယခင် တရုတ်ဘက် ကုန်တင်ပို့နေတဲ့ တွဲကား တွေကတော့ လက်ရှိမှာ အဆင်မပြေတော့တာကြောင့် ယာဉ်ပိုင်ရှင်တွေ လုပ်ငန်း မလည်ပတ်နိုင်တော့ပဲ ခက်ခဲသွားကြောင်း နယ်စပ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Photo #ဒေသခံ

#centralne

image