ထိုင်းနိုင်ငံသားတစ်ဦးကို အုပ်စုဖွဲ့ထိုးကြိတ်ခဲ့တဲ့ မြန်မာ ၆ ဦး အဖမ်းခံရ
ဇန်နဝါရီ ၈
စမွတ်ဆာခွန်ခရိုင်၊ မူယန်မြို့နယ်မှာ ထိုင်းနိုင်ငံသားတစ်ဦးအပေါ် အုပ်စုဖွဲ့ထိုးကြိတ်ခဲ့တဲ့ မြန်မာ ၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၇ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဆိုပါ ထိုးကြိတ်မှုဖြစ်စဥ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်၊ ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ထာ့ဆိုင်ကျေးရွာ၊ ဝပ်ခေါင်ခု စာသင်ကျောင်းအနီးမှာပြုလုပ်တဲ့ ခေါင်ခုပွဲတော်အတွင်းမှာ စတိတ်ရှိုးစင်ရှေ့ ကခုန်နေတဲ့ ထိုင်းနိုင်ငံသား ၁ ဦးက သူ့ဘေးမှာရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ခြေထောက်ကို မတော်တဆနင်းမိခဲ့တာကို မကျေနပ်တာကြောင့် အဲဒီထိုင်းနိုင်ငံသားကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီလို အုပ်စုဖွဲ့ထိုးကြိတ်ခဲ့တဲ့ မြန်မာ ၆ ဦးကို အရေးယူပေးဖို့ ထိုးကြိတ်ခံရသူ ထိုင်းနိုင်ငံသားရဲ့တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ပြီး သံသယရှိသူတွေရဲ့ နေအိမ်ကို ခြေရာခံကာ မြန်မာနိုင်ငံသား ၆ ဦးစလုံးကို ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာပါ။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို တရားမဝင် တုတ်၊ဓါးလက်နက်ကိုင်ဆောင်မှု အရက်သေစာသောက်စား၍ မူးယစ်ရမ်းကူးမှု၊ ပြည်သူလူထုကို ထိန့်လန့်စေမှုတို့နဲ့ အရေးယူထားပြီး ဥပဒေနဲ့အညီလုပ်ဆောင်သွားမယ်လို့သိရပါတယ်။
#centralnewsnaypyitaw


