25 w - Translate

သင်္ကြန်ထမင်းနှင့် သရက်သီးငါးခြောက်ကြော်
----------------------------------------------------
ပါဝင်ပစ္စည်းများ
• ဆန် - ၁၅၀ ဂရမ်
• ရေ - ၁ လီတာ
• သရက်သီး - ၅၀ ဂရမ် (ခြစ်ပြီးသား)
• ကြက်သွန်နီ - ၇၀ ဂရမ်
• ငါးကွမ်းရှပ်ခြောက် - ၁၅၀ ဂရမ်
• နှမ်းမည်း - ၈ ဂရမ်
• ဆီ - စားပွဲဇွန်း ၄ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ဖယောင်းတိုင် - ၁ ချောင်း
• ငရုတ်သီးခြောက် - ၇ တောင့်
• သကြား - အနည်းငယ်

ပြုလုပ်နည်း
၁။ ဆန်ကို သေချာစွာရေဆေးပြီး ရေနွေးဆူဆူထဲ ဆန်များထည့်၍ ဆန်လုံးများ ကျက်သည်အထိ ပြုတ်ပြီး ဆန်ခါဖြင့်စစ်ကာ အအေးခံထားပါ။ သင်္ကြန်ထမင်းထဲ ထည့်မည့်ရေကို ဇလုံတစ်လုံးထဲ ၁ လီတာခန့် ထည့်ပါ။ ဖယောင်းတိုင်ကို လေးပုံ တစ်ပုံခန့် အပိုင်းတိုတိုလေး ဖြတ်ထားပါ။ ဖယောင်းတိုင်အတိုကို ပန်းကန်ငယ်တစ်ခုထဲမှာ စိုက်ပြီး မီးညှိ၍ ရေထည့်ထားသော ဇလုံထဲ ထည့်ပါ။ ဇလုံထဲမှာ ရေက တစ်ဝက်ခန့် အနေအထားရှိရမှာဖြစ်ပြီး ဖယောင်းတိုင်ထွန်းထား သော ပန်းကန်ငယ်က ရေပေါ်မှာ ပေါ်နေပြီး အပေါ်မှာ လက်သုတ်ပဝါအပါးကို အုပ်ထားပါ။ ၅ မိနစ်ခန့် အုပ်ထားပြီးပါက ဖယောင်းနံ့ရှိသော ရေကို ရရှိမှာဖြစ်ပါတယ်။
၂။ ကြက်သွန်နီကို အခွံနွှာ၍ ရေဆေးပြီး လေးစိတ်စိတ်ထားပါ။ နှမ်းမည်းကို လှော်ထားပါ။ ငါးခြောက်ကို ရေစိမ်ထားပြီး ပြုတ်ပါ။ ပြုတ်ထားသော ငါးခြောက်ကို မွသွားအောင် ထောင်းပါ။ ငရုတ်သီးခြောက်ကို ကြော်ထားပါ။ အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့်ထည့်ထားပါ။ ဆီပူလာလျှင် လေးစိတ်စိတ်ထားသော ကြက်သွန်နီများ ထည့်ပါ။ ကြက်သွန်များ အနည်းငယ်နွမ်းလာလျှင် ပြုတ်ပြီး ထောင်းထားသော ငါးခြောက်များထည့်ပြီး မွှေပါ။ အရသာအတွက် သကြားနှင့် ဆားကို ထည့်ပါ။ လှော်ထားသော နှမ်းမည်းနှင့် ခြစ်ထားသော သရက်သီးကို ထည့်ပြီး မွှေပါ။ သရက်သီးများ နွမ်းသွားလျှင် ပန်းကန်ထဲ ထည့်ပြီး စားသုံးရန် အနေအထား ရရှိပါပြီ။
၃။ ပန်းကန်ထဲသို့ ပြုတ်ထားသော ထမင်းထည့်၍ ဖယောင်းနံ့သွင်းထားသော ရေကို ထည့်ပြီး ကြော်ထားသော သရက်သီး ငါးခြောက်ကြော်နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။
------------------------------------

image