၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ (၁၀ ဒသမ ၈) သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁ ဒသမ ၂၅)သန်း ရှိခဲ့
နေပြည်တော်၊ ဒီဇင်ဘာ ၂၇
၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၁၀ ဒသမ ၈ သန်းခန့်သည် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂၅ သန်းခန့်ရှိခဲ့ကြောင်း ယမန်နေ့က ကျင်းပသည့် National Annual TB Evaluation Meeting (2023) တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူဦးရေ ၁၀ ဒသမ ၈ သန်းခန့်သည် တီဘီရောဂါ ဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၂၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းသိရှိရကြောင်း၊ WHO End TB Strategy အရ ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၁၅ ခုနှစ် ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချကြရမည်ဖြစ်ကြောင်း ပြောသည်။
တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ပြည်တွင်း / ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တီဘီရောဂါမဖြစ်အောင်ကာကွယ်ကုသခြင်း (TB preventive Therapy, TPT) ကို လက်ရှိ အခြေအနေထက် ပိုမိုထိရောက်အောင်ဆောင်ရွက်သွားကြရန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများကိုလည်း တီဘီရောဂါကာကွယ်ကုသမှုများတွင် ယခုထက်ပိုမို ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရန်နှင့် တီဘီရောဂါ တိုက်ဖျက်ရေးရည်မှန်းချက်များ ပြည့်မီစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
#centralnewsnaypyitaw
