အဂတိမှုဖြင့် တရုတ်ဗိုလ်ချုပ်ကြီးနှစ်ဦး လွှတ်တော်မှ ဖယ်ရှားခံရ

ဘေကျင်း၊ ဒီဇင်ဘာ ၂၇

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးသည် အဂတိလိုက်စားမှု စွဲချက်များ ဖြင့် လွှတ်တော်အမတ် နေရာများမှ ဖ-ယ်ရှားခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ဗိုလ်ချုပ်ကြီးနှစ်ဦးသည် လွှတ်တော်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

တရုတ်၏ အမျိုးသားပြည်သူ့လွှတ်တော်(NPC)၏ အမြဲတမ်းကော်မတီက ဒုတိယဗိုလ်ချုပ်ကြီး ယူဟိုင်တောင် ( You Haitao) နှင့် ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး လီပန်ချန်း (Li Pengcheng) တို့ကို လွှတ်တော်မှ ဖ-ယ်ရှားကြောင်း ဒီဇင်ဘာ ၂၅ ရက်က အတည်ပြုခဲ့သည်။

ယူသည် တရုတ်စစ်တပ်၏ ဒုတပ်မှူးဟောင်းဖြစ်ပြီး လီသည် PLA ၏ အရှေ့ပိုင်းစစ်ဌာနတွင် ရေတပ် တပ်မှူးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယူနှင့် လီတို့သည် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးလေးစွာ ချိုးဖောက်ခဲ့သည့် သံသယဖြင့် လွှတ်တော်မှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်ကြောင်း NPC က သီးခြား အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တရုတ်တွင် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးလေးစွာ ချိုးဖောက်မှုဆိုသည့် စကားစုသည် အဂတိလိုက်စားမှုအား သွယ်ဝိုက်ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

PLA အတွင်း ထိပ်သီးအရာရှိများသည် အဂတိလိုက်စားမှု စွဲချက်များနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူ(၆၆ နှစ်)သည် ၂၀၁၆ ခုနှစ်က တရုတ်ကြည်းတပ်၏ ဒုတပ်မှူး ဖြစ်လာခဲ့သူဖြစ်သည်။

ယခင်က သူသည် နန်ကျင်း စစ်ဒေသကြီး၏ ဒုတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခံခဲ့ရသည်။

လီ(၆၁ နှစ်)သည် ယခင်က PLA ရေတပ်၏ မြောက်ပင်လယ် စစ်သင်္ဘောအုပ်စုတွင် လက်ထောက်အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်ပစ္စည်းကိရိယာ သုတေသနဌာန၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

တရုတ်၏ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဖြစ်သည့် မော်ဟွာ (Miao Hua) သည်လည်း နိုဝင်ဘာလကအတွင်းက အဂတိလိုက်စားမှု သံသယဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသည်။

Source: South China Morning Post

ပုံ - ဒုတိယဗိုလ်ချုပ်ကြီး ယူဟိုင်တောင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image