Uber နှင့် Foodpanda တို့၏ သဘောတူညီမှုကို ထိုင်ဝမ်ပိတ်ပင်

တိုင်ပေ၊ ဒီဇင်ဘာ ၂၇

ဂျာမနီ၏ Delivery Hero စီးပွားရေးလုပ်ငန်းစုက ပိုင်ဆိုင်သည့် Foodpanda လုပ်ငန်းကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ထိုင်ဝမ်တွင် တစ်ဦးတည်း မူပိုင်ဝယ်ယူသော Uber Technologies ကုမ္ပဏီ၏ သဘောတူညီချက်ကို ထိုင်ဝမ် အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

စျေးကွက်ပြိုင်ဆိုင်မှု ဆန့်ကျင်ရေး စိုးရိမ်မှုများကြောင့် တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်ဝမ်၏ တရားဝင် CNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

Uber, Delivery Hero နှင့် Foodpanda ကုမ္ပဏီတို့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်း မှုကို ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုင်ဝမ်၏ ကုန်သွယ်ရေးမျှတမှု ကော်မရှင်ကလည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း တိုင်ပေတွင် ပြုလုပ် မည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Uber နှင့် Delivery Hero ကုမ္ပဏီတို့သည် Foodpanda ဝယ်ယူရေးနှင့်ပတ်သက်သည့် သဘောတူညီချက်ကို မေလက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Uber သည် ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ Foodpanda ၏ ရှယ်ယာများကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း ကြေညာခဲ့သည်။

အမေရိကန်ကုမ္ပဏီဖြစ်သည့် Uber သည် Foodpanda ကို ဝယ်ယူခြင်းဖြင့် နှစ်စဉ် ဒေါ်လာ သန်း ၁၅၀ ကို ရရှိရန် မျှော်မှန်းထားသည်။

ထိုသဘောတူညီချက်သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အပြီးသ-တ် ချုပ်ဆိုဖွယ်ရှိသည်။

Source: CNA

ပုံ - Uber နဲ့ Foodpanda ကိုတွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image