ဂါဇာတွင် မွေးကင်းစကလေးငယ်(၃)ဦး အေးခဲသေဆုံး
---------------------------
ဂါဇာတောင်ပိုင်း အယ်လ် မာဝါဆီဒေသက ဒုက္ခသည်စခန်းတစ်ခုမှာ မွေးကင်းစ ကလေးငယ်တစ်ယောက် ရာသီ ဥတုဒဏ်ကြောင့် အေးခဲပြီး ဗုဒ္ဓဟူးနေ့က သေဆုံးသွားပါတယ်။ ဒါဟာ စစ်ဒဏ်ကြောင့် ကြေမွပျက်စီးနေတဲ့ ပါလက်စတိုင်းဒေသတွင်း ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အခုဖြစ်ရပ်က မီးမောင်းထိုးပြလိုက် တာပါ။
ရာသီဥတုဆိုးဆိုးရွားရွား အေးလာလို့ အဲဒီဒဏ်ကြောင့် မွေးကင်းစကလေးငယ် သေဆုံးရတာဖြစ်ကြောင်း ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူ ဒေါက်တာ မူနီ အယ်လ် ဘာ့စ်က သူရဲ့ X လူမှုကွန်ရက်စာမျက်နှာ ဖော်ပြထား ပါတယ်။ လွန်ခဲ့တဲ့ (၄၈)နာရီအတွင်း အနည်းဆုံး တခြားမွေးကင်းစ ကလေးငယ်(၂)ယောက်လည်း ခန်ယိုနစ္စမြို့ နက်ဆာဆေးရုံမှာ သေဆုံးခဲ့ပြီး တစ်ယောက်က (၃)ရက်သားဖြစ်ကာ နောက်တစ်ယောက်က တစ်လသားအရွယ် ဖြစ်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးက အစပိုင်က လူသားချင်းစာနာထောက်ထားမှုဧရိယာအဖြစ် သတ်မှတ်ထားတဲ့ ရာဖာအနောက်ပိုင်း ကမ်းရိုးတန်းဒေသဟာ အခု အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ အကြိမ်ကြိမ် ထပ်မံ ရင်ဆိုင်လာနေရပါတယ်။ ပါလက် စတိုင်း ဒုက္ခသည် ထောင်ပေါင်းများစွာဟာ စစ်ဘေးဒဏ်ကြောင့် အဲဒီနေရာတွေကို ရွှေ့ပြောင်းကာ ရွက်ဖျင်တဲ ထိုးကာ ခိုလှုံနေထိုင်ကြရတာဖြစ်ပါတယ်။
