ဗဟန်းမြို့နယ်ရှိ AK Cosmetic စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကို လူတစ်ဦးက ဆွဲကြိုးဝင်လုယက်ရင်း ဓားဖြင့်ထိုးသတ်မှု ယနေ့နံနက် ဖြစ်ပွား
ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို အမည်မသိလူတစ်ဦးဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကို ဓားဖြင့်ထိုးသတ်သွားသောကြောင့် ဆိုင်ရှင်သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ယနေ့ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်ခန့်အရွယ် အဆိုပါဆိုင်ရှင် ဒေါ်အေးအိခိုင် ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဝင်ရောက်လုယက်ခဲ့ရာ ဒေါ်အေးအိခိုင်က ပြန်လည်ခုခံသဖြင့် လုယက်သူက ချွန်ထက်သည့်အရာ(ဓားဟုယူဆရ)ဖြင့်ထိုးကာ ထွက်ပြေးသွားကြောင်းသိရသည်။
ဒေါ်အေးအိခိုင်မှာ ရရှိသော ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာ၌ပင် လဲကျသေဆုံးသွားကြောင်း၊ ယခုအခါ ကျူးလွန်သူမှာ ထွက်ပြေးသွားသောကြောင့် သက်ဆိုင်ရာကအပူတပြင်းရှာဖွေနေပြီး လတ်တလောတွင် ဗဟန်းမြို့မရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။
“တရားခံကို မသိရသေးဘူး။ အခုတော့ ဖမ်းမိနိုင်ဖို့ လုပ်နေကြတယ်။ မကြာခင်ဖမ်းမိနိုင်မှာပါ”ဟု သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
Credit - Myanmar Ttansparency News Agency
#သတင်းဟင်လေးအိုးကြီး
