မုံရွာမြို့မှာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသူတွေက သေနတ်ဖြင့် ပစ်သတ်ခဲ့

ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်း မှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်မနက် ပြန်ပေးဆွဲဖို့ ကြိုးစားတာကို ငြင်းဆန်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ခံ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

မိုးကောင်းလမ်းပေါ်က ပစ္စည်းအဟောင်းဝယ်ယူတဲ့ဆိုင် တစ်ဆိုင်ထဲကို ပြန်ပေးဆွဲအဖွဲ့လို့ယူဆရသူတချို့က ဝင်ရောက်ခဲ့ပြီး ဆိုင်အတွင်းက အမျိုးသမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဆိုင်အတွင်းက အမျိုးသမီးက မလိုက်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးဟာ ဆေးရုံပို့နေချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပြန်ပေးဆွဲခံရသူက အဟောင်းပစ္စည်းတွေကို အရောင်းအဝယ်လုပ်နေတဲ့သူဖြစ်ပြီး ပြန်ပေးဆွဲသူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဆိုင်က ဂိုထောင်ပုံစံမျိုး၊ ကားထုတ်ခိုင်းပြီး ကားနဲ့လူနဲ့ခေါ်တာ လူက မလိုက်ဘူးပေါ့၊ လူက ပြေးမယ်လုပ်တော့ ပစ်သတ်ခဲ့တာ။ပစ်ခံရတာကြားလို့ ကြည့်ကြတော့ သူတို့ထွက်သွားတာ တွေ့ရတာ” လို့ မုံရွာမြို့ခံတစ်ဦး က ပြောပါတယ်။

ကားကိုလည်း ပြန်ပေးဆွဲသူတွေက မောင်းယူသွားပြီး ကံမမြို့ဘက်ကို ဦးတည်မောင်းသွားတယ်လို့လည်း သိရပြီး ပြန်ပေးဆွဲသူတွေက ဘယ်သူဖြစ်တယ်၊ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာတော့ မသိကြရသေးပါဘူး။

ပုံစာ - မုံရွာမြို့တွင်းတစ်နေရာမြင်ကွင်း

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image