~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
အကျင့်ပါနေသော ကျွန်မ လက်က မောင့် လက်ကောက်၀တ်ကို သွေးတိုးနှုန်း စမ်းမိတော့၏ ။ ဟုတ်သားပဲ မောင့်အသားတွေ ပူနေလိုက်တာ ။ သွေးတိုးနှုန်း မြန်နေ၏။ ကျွန်မကြောင့် မဟုတ်ပါ။ အဖျားသွေးကြောင့် ဖြစ်ပါသည်။
“မောင် အရည် တစ်ခုခုပဲ သောက်မယ်”
“ဒီလိုမှန်းသိရင် လက်ဖက်ရည်ဆိုင်သွားပါတယ် ။ ကျွန်မ သိပ်မဆာပါဘူး”
“စားပါ … စားပါ ။ မောင်ကြည့်နေမှာပေါ့ ။ ချစ် ထမင်းစားတာကို မကြည့်ရတာ ကြာသွားပြီ ရိုးရိုးသားသား စကားပါနော်”
“သြော် .. ခက်ပါပြီ”
မောင်ရော ကျွန်မရော စိတ်ပေါ့ပါးစွာ အသံထွက် ရယ်မောမိကြ၏ ။ ကျွန်မ ထမင်းစားနေစဉ် မောင်က စပါကလင်တစ်ပုလင်းဖြင့် ငေးမောနေပါသည်။
“ဘာဆေးသောက်ထားလဲ မောင်”
“ဘာမှ မသောက်ဘူး”
“ဟာ .. ဒီဆရာ၀န်ကလည်း ဘယ်လိုလဲ”
ပြုံးနေသော မောင့်နှုတ်ခမ်းမှာ အနည်းငယ် ခြောက်သွေ့နေ၏ ။ အဖျားကြောင့် ခြောက်သွေ့နေတာ ဖြစ်မှာပါ။
အရေပြားပါးလျား၍ နူးညံ့သော မောင့်နှုတ်ခမ်း လုံးလုံးလေးကို ကြည့်ရင်း ကျွန်မ တစ်ကိုယ်လုံး နွေးခနဲ ရှက်သွား၏။ ရှက်စိတ်ဖြင့်ယောင်ယမ်း၍ မျက်စိပင် မှိတ်ပစ်လိုက်မိ၏။
“ဆေးခန်း တစ်ခုခုမှာ ဆေးထိုးပါလား မောင် ၊ နေဦး ။ သည်နားဆို ဘယ်သူ့ ဆေးခန်းပါလိမ့်”
“မသွားချင်ပါဘူး”
“ဟာ …. ဒီအတိုင်းနေလို့ ဘယ်ဖြစ်မလဲ”
“ဖြစ်ပါတယ် ။ ရထားပေါ် မတက်ခင်ကတည်းက ဖျားနေတာ ။ မောင်က ဒီလိုပါပဲ ။ ခရီးသွားရင် ဖျားတတ်တယ်လေ။”
“အအေးမိတာလား”
“ထင်ပါရဲ့”
“ချောင်းဆိုးလား”
“ဟုတ်ကဲ့”
မောင့်မျက်နှာသည် နည်းနည်း ပြုံးနေ၏။
“လည်ချောင်းနာသလား”
“ဟုတ်ကဲ့”
ကျွန်မ ရယ်မောလိုက်၏။
“ဆရာမ ၊ ကျွန်တော် ဘာဆေးသောက်ရမလဲ”
“အိုး ဘရမ်ဒီ”
မောင်က ဟက်ဟက်ပက်ပက် ရယ်မောသည်။
“ဒီကပြန်ရင် ဆေးဆိုင်၀င်မယ် ။ ဆေးနည်းနည်း၀ယ်ရအောင်လေ ။ ပြီးတော့ မောင်လိုက်ပို့ပါ့မယ်”
“မပို့ပါနဲ့"
#ဆက်ရန်ရှိ
