~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
လွန်ခဲ့သည့် သုံးနှစ်ခန့်က လျှောက်ခဲ့သော ဆေးရုံကြီးရှေ့လမ်း ၃၀ သည် ကျွန်မတို့ နှစ်ဦးအား ယခင်ကလို ပြန်လည်ရင်းနှီး သွားစေ၏ ။ သို့သော် ကျွန်မတို့ နှစ်ဦးအား လှမ်းကြည့်နေသော မျက်နှာများမှာ ကျွန်မ မြင်ဖူးသလိုလို ။ နောက်ပြီး ကျွန်မအား စကားတင်း ဆိုနေကြသလိုလို။ တကယ်ဆို အိမ်ထောင်ရှိပြီးသော ရည်းစားဟောင်းနှင့် အခုလို ယှဉ်တွဲ၍ မသွားသင့်ဘူး မဟုတ်လား။
“အခု ဘယ်မှာ ဆေးခန်းဖွင့်နေလဲ”
ကျွန်မရောက်နေသော မြို့ကလေး၏ နာမည်ကို မောင် ကြားဖူးမည်မဟုတ်။ သြော် ဟုသာ ရေရွတ်သည်။ ဗွီဒီယို မရှိ ၊ တယ်လီဗေးရှင်းမရှိ ၊ အအေးဆိုင် တစ်ဆိုင် ၊ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်နှင့် ရုပ်ရှင်ရုံ ဖြစ်ခဲ့ဖူးသော ဆန်ဂိုဒေါင် တစ်လုံးသာရှိသည့် မြို့ငယ်ငယ်လေး အကြောင်း အေးအေးဆေးဆေးမှ ပြောပြရဦးမည်။
“အဆင်ပြေရဲ့လား”
“ဒီလိုပါပဲ .. မောင်ရာ”
“မောင်လဲ ဒီလိုပါပဲ ၊လူနာတွေနဲ့ ၊သမဝါယမနဲ့ အိမ်နဲ့ လုံးချာလိုက်ပြီး ဘယ်လိုမှ မအားဘူး ။ အခုတောင် ကိုယ့်ညီ မင်္ဂလာဆောင်ဖို့ ကိစ္စနဲ့ သွားလို့ ရန်ကုန်ရောက်ဖြစ်တာ”
“အာအိုင်တီက တစ်ယောက်လား”
ထိုလူငယ်လေးသည် မောင့်ကိုအလွန်ချစ်သော ညီတစ်ယောက် ဖြစ်သည်။
“အင်း .. အခု သူက အလုပ်၀င်နေပြီ။ အံ့သြစရာကောင်းတာက သူ ဒီတစ်ခေါက် မင်းကို မေးလိုက်သေးတယ်”
“သြော် … ”
“မင်း ၀တ္ထုတွေ မတွေ့လို့တဲ့ ၊ စာရေးဖို့ ကြိုးစားစေချင်တာတဲ့ ၊ ကိုယ့်ကို မေးနေသေးတယ် ၊ မင်းဘာဖြစ်လို့ စာမရေးသလဲ ဆိုတာ”
“အင်းပေါ့လေ .. ရုတ်တရက်ဆိုတော့ ကျွန်မ နဲ့ မောင့်ကို သူ တွဲတွဲပြီး သူ မြင်နေဦးမှာပေါ့ ၊ နောက်တော့လဲ တကွဲစီ မြင်သွားမှာပါ။ မန္တလေးကို ခဏခဏရောက်လား”
“ကျောင်းပြီးခါမှ မန္တလေးကို ဒါ ပထမဆုံးအချိန် ပြန်ရောက်တာပဲ။ မလာရဲတာလဲ ပါတာပေါ့လေ ။ သိတဲ့အတိုင်း ကိုယ်က သတ္တိကြောင်တတ်တယ်။ နောက်ပြီး ကိုယ်က နာမည်ဆိုးနဲ့ လူပဲ”
မောင်က အနည်းငယ် မျက်နှာပျက်စွာ ရယ်မောပါသည်။
“ဖဲရိုက်သေးလား”
“အင်း နည်းနည်းပါးပါး”
“ဇနီးက ဘာမှ မပြောဘူးလား”
“သူက မင်းလို မလည်ဘူး ၊ အ,တယ် ။ ကိုယ်ဘာလုပ်လုပ် သိပ်သိတာ မဟုတ်ဘူး”
“အခုတော့ မောင် ရွေးတဲ့လမ်း မှန်နေပြီပေါ့ ၊ မောင့်ကို ပခုံးချင်း မယှဉ်တဲ့ ဇနီးနဲ့လေ”
“ဒါတွေ မပြောပါနဲ့ ချစ်ရယ်”
မောင်က ကျွန်မကို ချစ်ဟု ခေါ်လိုက်သောအခါ မျက်နှာ နွေးခနဲ ပူသွား၏။ ကျွန်မ နွဲ့မှီခို၀င်ခဲ့ဖူးသော မောင့်ရင်ခွင်သည် ယခင်ကလိုပင် နူးညံ့ နွေးထွေးဦးမှာပဲလား။
“မိုးနည်းနည်းရွာဦးမယ် ထင်တယ် ။ ထီးဘာဖြစ်လို့ မဆောင်းတာလဲ”
“ပျင်းလို့”
ဘူတာရုံရှိ မီးရထားခုံး တံတားပေါ်သို့ ဖြတ်လျောက်သောအခါ မောင်က ဘယ်မှာတည်းသလဲ ဟု မေး၏ ကျွန်မ မဖြေပါ။ မောင်က မကြားဘူးထင်၍ ထပ်မေးသည်။
#ဆက်ရန်ရှိ
