~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
ကျွန်မသည် ဆန္ဒနှင့်ဆန့်ကျင်စွာ ခေါင်းငုံ့၍ ခုံမှာ ထိုင်ချပစ်လိုက်မိသည်။ ကျွန်မဒူးများ တဆတ်ဆတ်တုန်နေသည်ကို သူမမြင်စေရပါ။ လက်ဖျားများ တုန်ယင်အေးစက်နေကြမှာ။ ကျွန်မ လက်များကို စားပွဲအောက် သွင်းယူလိုက်ရ၏။ ကျွန်မသည် မောင်နှင့်ပတ်သက်လျှင် အစအစရာရာ တည်ငြိမ်ခဲ့ပြီဟု ထင်မိတာမှား၏။ ယခုတော့ တကယ့်မြီးကောင်ပေါက်မကလေးလို တုန်လှုပ်နေပြန်သည်။
မောင်သည် မြင်ဖူးနေကြမဟုတ်သော မလေးရှားပုဆိုးနှင့် လည်ကတုံး ရှပ်အင်္ကျီ အဖြူလက်ရှည်နှင့် ဖြစ်သည်။ အနည်းငယ် ဆန်းကြယ်သော အဆင်အပြင်ဖြစ်ပါသည်။ မောင့် ခြေညှပ်ဖိနပ် ကတ္တီပါ သည်ကြိုးမှာ အနက်ရောင်ဖြစ်၏။
မောင်သည် ကျောင်းသားဘ၀တုန်းက ပျော်ရွှင်လန်းဆန်းမှုများနှင့် ကင်းကွာပြီး လူကြီးလူကောင်းတစ်ဦး၏ ဣန္ဒြေမျိုးကိုသာ မယုံကြည်နိုင်စရာ တွေ့ရ၏။ ဆံပင်ကမူ ကျောင်းသား ဘ၀တုန်းကထက်ပင် နည်းနည်းရှည်ချင်သည်။
“ကိုယ် ဒီကိုလာဖို့ တော်တော် ကြိုးစားယူရတယ်။ မလာသင့်ဘူးလို့လဲ ထင်ပါတယ် ၊ ဒါပေမယ့် တောင်းပန်ဖို့”
မောင် တစ်ခုခု ဆက်ပြောနေသေးသော်လည် ကျွန်မ မကြားမိပါ။ နားထဲတွင် အသံများ တဝုန်းဝုန်း ဆူညံနေသည် မဖြစ်နိုင်လိုက်တာ ။ ဒီလောက် တိုက်ဆိုင်ဖို့ မကောင်းဘူး ။
စားပွဲပေါ်မှ တိုင်းမ် မဂ္ဂဇင်း စာရွက်များ လေဖြင့် တဖျပ်ဖျပ်လွင့်နေသည်ကို မောင်က လက်ဖြင့် ဖိထိန်းပေးထားသည်။ နူးညံ့သွယ်လျသော လက်ချောင်းများသည် ကျွန်မနှင့် လုံး၀ မပတ်သက်ဖူးသော ယောကျာ်းလေးတစ်ယောက်၏ လက်များသာ ဖြစ်လိုက်စမ်းပါတော့ ။ ပန်းနုရောင် လက်သည်းများကို တိရိကျနစွာ ကိုက်ဖြတ်ထား၏။ အင်းလေ ကျွန်မမရှိပေမယ့် မောင့်ဇနီးက တယုတယ လက်သည်း ညှပ်ပေးလိမ့်မည်။ ယခုတော့ ကျွန်မ အတော်အတန် ထိန်းသိမ်းလာနိုင်ခဲ့ပြီ။
“မောင် တစ်ယောက်တည်းလား”
“အင်း …. ”
မောင့်အသံသည် လိုအပ်သည်ထက် ပို၍ လေးပင်နေ၏။
“စာကြည့်တိုက်ပိတ်တော့မှာပဲ ၊ တစ်ယောက်ယောက်ကို စောင့်နေတာမျာလား”
မောင့်မေးခွန်းက တစ်မျိုးပါလား ၊ မောင့်ကို အရင်လို ပေါ့ပါးစွာ မော့ကြည့်လာနိုင်သည်။ မောင့်မျက်နှာမှာ စူးစမ်းမှုသာရှိပြီး လှောင်ပြောင်ရိပ်မရှိပါ။
# ဆက်ရန်ရှိ
