ယခုကာလ၌ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှ(၂၄၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေ

ဒီဇင်ဘာ ၂၂

ယခုကာလတွင် လျှပ်စစ်ဓာတ်အား တစ်ရက်လျှင်ပျမ်းမျှ(၂၄၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယမန်နေ့(ဒီဇင်ဘာ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်းတပ်ဆင် စက်အင်အားမှာ (၇၂၇၂)မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက (၄၀၀၀)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဥ်(၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှ လိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးမှုကြောင့် ရေအား လျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်း ရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်းဓာတ်အား (၁၄၀၈) မဂ္ဂါဝပ်ခန့်လျော့နည်းထုတ်လုပ်ရလျက်ရှိကြောင်း YESC ၏ ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

ထို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ(၂၄ဝဝ)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ထိုသို့ထုတ်လုပ်မှု လျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်‌ရန်အတွက် ဖျက်ဆီးခံရသည့် လျှပ်စစ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် လက်ရှိလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် ရေ၊ နေ၊ လေတို့မှ ထုတ်လုပ်နိုင်ရေးကို လည်း စီမံဆောင်ရွက်နေကြောင်း YESC က ဆိုထားသည်။

သို့ဖြစ်၍ လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image