ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်
----------------------------------------
ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင် ရွက် နေတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သိရပါတယ်။
ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းတဲ့ အစည်းအဝေးကိုတော့ ဒီဇင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နဲ့ တာဝန်ရှိသူတွေ တက်ရောက် ခဲ့ပါတယ်။
ဥပဒေမူကြမ်းကိုတော့ အခြားနိုင်ငံတွေက ကျင့်သုံးဆောင်ရွက်နေတဲ့ အခြေအနေတွေအပေါ် လေ့လာ ပြီး ညှိနှိုင်းရေးဆွဲခဲ့ရာ အခုအချိန်မှာ အဋ္ဌမ (မူကြမ်း) အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အပေါင်ထားပြီး ချေးငွေထုတ်ချေးနိုင်မယ့် ဈေးကွက် တစ်ရပ် ပေါ်ပေါက်လာပြီး MSME စီးပွားရေးလုပ်ငန်းတွေ ချေးငွေရရှိနိုင်မှု တိုးတက်ရေးကို အထောက် အကူပြုဖို့ ရည်ရွယ် ထားတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အပေါင်ပစ္စည်းတွေကို မှတ်ပုံတင်ထားတာကြောင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရ ခိုင်မာမှုရှိစေဖို့ အာမခံ အကျိုးခံစားခွင့်နဲ့ စပ်လျဉ်းပြီး အငြင်းပွားမှုတွေကို ဥပဒေအရ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။