အင်းတော်မြို့မှာ တိုက်ပွဲပြန်လည် ပြင်းထန်နေ
ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အင်းတော်တိုက်ပွဲက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စခဲ့တာပေါ့။ နောက်ပိုင်း ရပ်လိုက်နားလိုက် ဖြစ်နေရာကနေ အခုရက်ပိုင်းအတွင်းမှာ ပြန်ပြီး ပြင်းထန်လာခဲ့တာ။ ဂျပန်လှိုဏ်ဂူနဲ့ မြို့မဘုန်းကြီးကျောင်းတို့မှာ ခံစစ်ပြင်ထားတဲ့ နောက်ဆုံးကျန်နေတဲ့ နစကတပ်ကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိုးစစ်ဆင်နေတာ။ နစကဘက်ကလည်း လေကြောင်းကနေရော၊ လက်နက်ကြီးနဲ့ရော တန်ပြန် တိုက်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
နစက စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ရေးသားချက်မှာတော့ အင်းတော်မြို့၊ မြို့မ ဘုန်းကြီးကျောင်းမှာ စစ်ရှောင် နေထိုင်လျက်ရှိတဲ့ အရပ်သား ပြည်သူတွေကို KIA/PDF အဖွဲ့မှ ရှော့တိုက်ဒုံးနဲ့ အကြောင်းမဲ့ ပစ်ခတ်တာကြောင့် စစ်ရှောင် အပြစ်မဲ့ပြည်သူ အမျိုးသမီး နှစ်ယောက် သေဆုံးပြီး သံဃာ တပါးနဲ့ အမျိုးသမီး တယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဒဏ်ရာရ လူနာတွေကို အင်းတော်မြို့ရှိ တပ်မတော်စစ်ကြောင်းမှ ဆေးကုသပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
“ဂျပန်လှိုဏ်ဂူကုန်းနဲ့ မြို့မဘုန်းကြီးကျောင်းက တောင်ကုန်းပေါ်မှာရှိတာ။ တောင်ကြော တဆက်တည်း ရှိနေတာလည်းဖြစ်တယ်။ အရင်က ဂျပန်တွေ မြေအောက်ဆေးရုံအဖြစ် အသုံးပြုခဲ့ဖူးတဲ့ လှိုဏ်ခေါင်းတွေလည်း ရှိနေတာမို့ နစကတပ်တွေဟာ အဲဒီနေရာတွေကနေ အထိုင်ချပြီး ခုခံနေတာ။ အဲဒီကို ဒေသတွင်းလက်နက်ကိုင်တပ်တွေက ဝိုင်းတိုက်နေတာဆိုတော့ လူထိခိုက်သေဆုံးတာတွေကတော့ ရှိနေပါတယ်။ ဒါပေမယ့် လတ်တလော တိုက်ပွဲအခြေအနေတွေအရ ဖြစ်စဉ်အတိအကျကိုတော့ ပြောဖို့ခက်တယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
တိုက်ပွဲကြောင့် အင်းတော်ဒေသခံတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ဘေးလွှတ်ရာ နေရာတွေကို တိမ်းရှောင်သွားကြပေမယ့် ပြည်သူတချို့ကတော့ မြို့မဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လတ်တလောမှာ စစ်ဘေးရှောင် အများစုကတော့ မော်တိတ်ဒေသ အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ ကျေးရွာတွေဘက်ကို စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။
“လက်ရှိမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ရှားပါးနေတာပါ။ အဓိက လိုတာကတော့ ဆန်ပေါ့။ ဆန်မလုံလောက်တဲ့အတွက် တချို့က ဆန်ပြုတ် ပြုတ်ပြီး သောက်နေရတာရှိတယ်။ တုပ်ကွေးရာသီလည်းဖြစ်တော့ ဖျားနာနေသူတွေလည်း ရှိနေတယ်။ ဒါကြောင့် ဆေးဝါး အကူအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိ အင်းတော်တိုက်ပွဲကာလဟာ လေးလကျော် ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲအတွင်း အင်းတော် နဘားလမ်းဆုံက နစကအထိုင်စခန်း၊ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
